မြဝတီမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိ ပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်

မြဝတီ ဒီဇင်ဘာ ၂

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်မှုများကို ယမန်နေ့ညနေ(၃)နာရီအချိန်က မြဝတီမြို့ ဘုရင့်နောင်ဈေးအတွင်း ပြုလုပ် ဆောင်ရွက်သည်။

ရှေးဦးစွာ မြဝတီခရိုင်မီးသတ်တပ်ဖွဲ့မှူး ဦးဖြိုးမင်းဇော်က ပွင့်လင်းရာသီရောက်ရှိပြီးဖြစ်ပြီး မီးဘေး အန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်ရန် ကြိုတင်ဆောင်ရွက်ထားရန်၊ မီးသတ်ဆေးအသုံးပြုပုံနှင့်ထားသိုမှု နည်းစနစ်များ အသိပညာပေးပြောကြားသည်။

ထို့နောက် မြဝတီခရိုင် မီးသတ်တပ်ဖွဲ့မှူး ဦးဖြိုးမင်းဇော်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ဆေးဘူးဖြင့် မီးငြိမ်းသတ်နည်းများကို လက်တွေ့သရုပ်ပြကာ  မီးသတ်ကားများဖြင့် မီးဘေးအန္တရာယ်ကြို              တင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုများဆောင်ရွက်သည်။

အဆိုပါ မီးဘေးအန္တရာယ်ကြို တင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွှင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက  တက်ရောက်ကြည့်ရှုကာ ဈေးအတွင်းရှိ   မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ပြင်ဆင်ထားမှု၊ မီးသတ်ဆေးဗူး ဆောင်ရွက်ထားရှိမှု၊ ဈေးဆိုင်ခန်း အလိုက် သွယ်တန်းထားသော လျှပ်စစ်မီးကြိုးများနှင့် မီးခလုတ်များအားနှင့် ရေငုတ်များ ရေထွက်ရှိမှု အခြေနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မန်းသန်းရွှေမြင့်(ပြန်/ဆက်)