တိုက်ကြီးမြို့နယ်တွင် အခြေခံ စက်ချုပ်သင်တန်းဖွင့်လှစ်

တိုက်ကြီး ဒီဇင်ဘာ ၂

ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် အလုပ်အကိုင်အခွင့် အလမ်းများ ရရှိစေရန် ရည်ရွယ်၍ ဒီဇင်ဘာလ(၁)ရက်နေ့၊ နံနက်ပိုင်းက ရန်ကုန်မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်၊ တော်လတီကျေးရွာအုပ်စု၊ တော်လတီကျေးရွာ၊ ရွာဦးဘုန်းတော်ကြီးကျောင်းတွင် အခြေခံစက်ချုပ်သင်တန်း (၂/၂၀၂၁)ကို ဖွင့်လှစ်ခဲ့ကြောင်း တိုက်ကြီးမြို့နယ်​ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

သင်တန်းဖွင့်ပွဲတွင် ရန်ကုန်မြောက်ပိုင်းခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင် ဦးစီးမှူး ဦးဘသိန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန ခေတ္တမြို့နယ်ဦးစီးမှူး ဒေါ်စုသီတာလင်းက အခြေခံစက်ချုပ်သင်တန်း ဖွင့်လှစ် ဆောင်ရွက်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို တိုက်ကြီးမြို့နယ် ပုဂ္ဂလိက စက်ချုပ်သင်တန်း ဖွင့်လှစ်ထားသည့် နည်းပြ ဒေါ်သင်မာလွင်မှ နည်းပညာပံ့ပိုး ကူညီပေးသွားမည်ဖြစ်ပြီး သင်တန်းသို့ ကျေးလက်နေပြည်သူ (၂၀) ဦးတို့ တက်ရောက်လျက်ရှိသလို သင်တန်းကာလမှာ တစ်လကြာမြင့်မည်ဖြစ်ကြောင်းလည်း သိရ သည်။

ဇင်မင်းထိုက်(ထန်းတပင်)