တွံတေး ဒီဇင်ဘာ ၂
၂၀၂၁-၂၀၂၂ ပညာသင်နှစ် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် အခြေခံပညာကျောင်းများကို နိုဝင်ဘာ ၁ ရက်နေ့မှ စတင်ဖွင့်လှစ်ရာ ကျောင်းသား၊ ကျောင်းသူများ ယနေ့ နံနက် ၉ နာရီအချိန်တွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် စာပေသင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကျောင်းသား/သူများ ကျောင်းတက်ရောက်ပညာ သင်ကြားရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှုမဖြစ်ပွားစေရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန် ချက်များနှင့်အညီ Social Distancing စနစ်ဖြင့် စာသင်ခန်းအတွင်း လူတစ်ဦးနှင့် တစ်ဦး လေးပေ အကွာတွင် တည်ရှိစေပြီး face shield နှင့် နှာခေါင်းစည်းများ တပ်ဆင်လာစေခြင်း၊ လက်ဆေးဘေစင် များ ထားရှိပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တွံတေးမြို့နယ်တွင် အထက်တန်းကျောင်း (၁၁)၊ အထက်တန်းကျောင်းခွဲ (၁၃) ကျောင်း၊ အလယ်တန်း ကျောင်း (၁၄) ကျောင်း၊ အလယ်တန်းကျောင်းခွဲ (၁၆) ကျောင်း၊ မူလတန်း (လွန်) ကျောင်း (၃၁) ကျောင်း၊ မူလတန်းကျောင်း(၁၃၀)ကျောင်း၊ ဘုန်းတော်ကြီး ပညာသင်ကြားရေးကျောင်း (၁) ကျောင်း နှင့် ကိုယ်ပိုင်ကျောင်း (၂) ကျောင်းများတွင် ယနေ့ထိ အထက်တန်းတွင် (၁၅၂၉) ဦး၊ အလယ်တန်း တွင်( ၇၇၀၉) ဦးနှင့် မူလတန်းအဆင့်တွင် (၁၇၉၇၈) ဦး စုစုပေါင်း ကျောင်းသား / ကျောင်းသူ (၂၇၂၁၆) ဦး ကျောင်းအပ်လက်ခံ၍ ကျောင်းတက်နေပြီးဖြစ်သော်လည်း တတိယလှိုင်း ကိုဗစ်- ၁၉ ကာလ စာသင်ကျောင်းများ ယာယီပိတ်ထားရာမှ ယခုအခါ ကျောင်းများပြန်လည်ဖွင့်လှစ်ခဲ့ရာ တွံတေးမြို့နယ် တွင် ယနေ့ထိ ကျောင်းစတင်ဖွင့်သည့်ရက်တွင် အထက်တန်း(၉၀၂)ဦး၊ အလယ်တန်း(၄၇၀၁)ဦး၊ မူလတန်း(၁၁၀၇၅)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၁၆၆၇၈)ဦး တက်ရောက် ပညာသင်ကြား လျက်ရှိကြောင်း သိရသည်။
တွံတေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံး၌ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ အန္တရာယ်မဖြစ်ပေါ်စေရေးနှင့် လုံခြုံရေးတို့အတွက် ကျောင်းစတင် ဖွင့်လှစ်သည့် နေ့မှစ၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး များ၊ ကျောင်းအုပ်ဆရာ၊ ဆရာမများ၊ မိဘဆရာအသင်းဝင်များ ကျောင်းအကျိုးတော်ဆောင်များက ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မျိုးလှိုင်