ဗန်းမော် ဩဂုတ် ၂၁
ကချင်ပြည်နယ် ဗန်းမော်ခရိုင်ပညာရေးဌာနမှ ကြီးမှူးကျင်းပသည့် ၂ဝ၂ဝ ပြည့်နှစ်၊ လူရည်ချွန်ကျောင်းသား ကျောင်းသူများအား ခရိုင်အဆင့် ဂုဏ်ပြုချီးမြှင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း အောင်တံခွန်ခန်းမ၌ ကျင်းပသည်။
ဂုဏ်ပြုချီးမြှင့်ပွဲတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်သင်းက အဖွင့်အမှာစကား ပြောကြားပြီး ဗန်းမော်ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွေးမြင့်က ဂုဏ်ပြုစကားများ ပြောကြားကာ ဗန်းမော်ခရိုင် ပညာရေးမှူး ဦးတိုးဝင်းက လူရည်ချွန် ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ယင်းနောက် ၂ဝ၂ဝ ပြည့်နှစ်၊ လူရည်ချွန် ကျောင်းသား ကျောင်းသူ (၆) ဦးအား ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွေးမြင့်နှင့် တာဝန်ရှိသူများတို့က ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ခဲ့ပြီး ကချင်ပြည်နယ်ပညာရေးမှူးရုံးမှ ပေးအပ်သော ဂုဏ်ပြုဆုလက်ဆောင်များကို ခရိုင်ပညာရေးမှူး ဦးတိုးဝင်းက ချီးမြှင့်ပေးအပ်ခဲ့သည်။ ဆက်လက်၍ ၁၉၆၄ ခုနှစ် မှ ၁၉၈၈ ခုနှစ် အတွင်း ရရှိခဲ့သော လူရည်ချွန်များအဖွဲ့မှ ၂ဝ၂ဝ ပြည့်နှစ်၊ လူရည်ချွန် ကျောင်းသား ကျောင်းသူများအား အမှတ်တရ ဂုဏ်ပြုလက်ဆောင်ချီးမြှင့်ပြီး ၁၉၆၄ ခုနှစ် မှ ၁၉၈၈ ခုနှစ် လူရည်ချွန် အဖွဲ့အကြောင်းနှင့် ၎င်းတို့၏ ဆောင်ရွက်နေမှုအကျဉ်းကို လူရည်ချွန်ကျောင်းသူဟောင်း ငါးထပ်ကွမ်းလူရည်ချွန် ဒေါ်ဌေးဌေးရင် က ရှင်းလင်းပြောကြားသည်။
“ကျွန်တော်တို့ အခြေခံပညာဦးစီးဌာနအနေနဲ့ နှစ်စဉ်လူရည်ချွန်တွေကိုရွေးချယ်ပြီး ဂုဏ်ပြုချီးမြှင့် ပေးလျက်ရှိပါတယ်၊ ဒီနှစ်မှာ တော့ လူရည်ချွန်ကျောင်းသား ကျောင်းသားများကို အစဉ်အလာအတိုင်း လေ့လာရေး ခရီးစဉ်လှည့်လည်ခြင်းအစီအစဉ်ကို ကိုဗစ် - ၁၉ ကာလကြောင့် လှည့်လည်ရေးခရီး မရှိတဲ့အတွက် ယခုလိုဂုဏ်ပြုချီးမြှင့်ပေးရခြင်းဖြစ်တယ်” ဟု ခရိုင်ပညာရေးမှူး ဦးတိုးဝင်းက ပြောသည်။
အဆိုပါဂုဏ်ပြုချီးမြှင့်ပွဲသို့ တက်ရောက်လာသူများအား ကိုဗစ် - ၁၉ ဖြစ်ပွားနေသည့် ကာလအတွင်း လက်ဆေးရည် Hand gel ဖြင့် လက်ဆေးခြင်း၊ အပူချိန်တိုင်းတာခြင်း၊ နှာခေါင်းစည်းတပ်ဆင်ခြင်းများ စသည့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကိန်းဖြူ(ပြန်/ဆက်)