ကရင်ပြည်နယ် အစိုးရအဖွဲ့ နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် နို့ထိုခေး- ကွီးပညာ ရွာချင်းဆက်လမ်းအား ကတ္တရာလမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်

ပိုင်ကျုံ    ဒီဇင်ဘာ   ၂

ကရင်ပြည်နယ်၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ပြည်သူများ၏ လူနေမှုဘဝ သွားလာရေးအဆင်ပြေစေရန် ရည်ရွယ်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ နို့ထိုခေး- ကွီးပညာ ရွာချင်းဆက်လမ်းအား ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းကို နို၀င်ဘာလ ၁၀ ရက်နေ့တွင် စတင်အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ လမ်းသည်  ပိုင်ကျုံမြို့အမှတ်(၂)ရပ်ကွက်နှင့် အမှတ်(၁)ရပ်ကွက် ဆက်သွယ်ထား သည့် လမ်းဖြစ်ပြီး အရှည် ၁မိုင်၊ ၄ဖာလုံရှိ ကတ္တရာလမ်းအား ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ် ပထမ၆လပတ် အတွင်း ကရင်ပြည်နယ်အစိုးရအဖွဲ့ နယ်စပ်ဒေသဖွံ့ဖြိုးရေး ခွင့်ပြုရန်ပုံငွေကျပ် (၃၈၆.၉၈၆) သန်းဖြင့် အကောင်အထည်‌ဖော် ဆောင်ရွက်လျက်‌ရှိကြောင်း၊ ယင်းလမ်းခင်းခြင်းကို ဇွဲကပင် မေမေကုမ္ပဏီမှ တာ၀န်ယူဆောင်ရွက်ပြီး လုပ်ငန်းများ အချိန်မီပြီးနိုင်ရေးအတွက် ကရင်ပြည် နယ် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာ၀န်ရှိသူတို့က အနီးကပ် ကြီးကြပ်မှုဖြင့် ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

ကတ္တရာလမ်း‌‌ခင်းခြင်းလုပ်ငန်းများ ပြီးစီးပါက ပိုင်ကျုံမြို့အတွင်းရှိ ဒေသခံပြည်သူများ အနေ ဖြင့် ဥတုသုံးပါးလုံး အဆင်ပြေလွယ်ကူစွာ သွားလာနိုင်သည့်အပြင် ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ပိုမိုလွယ်ကူ အဆင်‌ပြေလာမည် ဖြစ်ကြောင်း သိရသည်။

ပိုင်ကျုံ(ပြန်/ဆက်)