မလှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ စိုက်ပျိုးထားသော ဖီးကြမ်း (ကျောက်စိမ်း) ငှက်ပျောများ ရှင်သန်ဖြစ်ထွန်း

မလှိုင် ဒီဇင်ဘာလ ၂

မလှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများ ရုံးအတွင်းမြေကွက် တွင် စုပေါင်းစိုက်ပျိုးထားသော ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ သုတေသနမျိုးသန့်စိုက်ပျိုးရေးခြံမှ ဖီးကြမ်း (ကျောက်စိမ်း) ငှက်ပျောမျိုးများ ရှင်သန်ဖြစ်ထွန်းလျက်ရှိပြီး  စိုက်ပျိုးပြီးထွက်ရှိလာသော ပျိုးပင်သားတက်များ ခွဲခြင်း၊ ပေါင်းမြက်ရှင်းလင်းခြင်းနှင့် သွင်းအားစုများ တိုက်ကျွေးခြင်းကို ယမန်နေ့ မွန်းလွှဲ(၂)နာရီအချိန်က အဆိုပါစိုက်ခင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဖီးကြမ်း (ကျောက်စိမ်း) ငှက်ပျောပင်များကို ၂၀၂၁ခုနှစ်၊ ဇွန်လကုန်ပိုင်းတွင် ရုံးမြေဧရိယာ (၀.၅၀) ဧကပေါ်တွင် (၆x၆) ပေတန်းခြားဖြင့် ငှက်ပျောပင် (၂၅၀)ပင်အားစတင် စိုက်ပျိုးခဲ့ရာ (၅)လ အကြာတွင် စိုက်ပျိုးထားရှိသော ငှက်ပျောပင် (၂၅၀) ပင်မှာ ရှင်သန်ဖြစ်ထွန်း သည့်အပြင် တိုးပွားလာသည့် ပျိုးပင်သားတက် အပင်ရေ(၅၀၀)ပင်ရရှိခဲ့ ပြီး တိုးချဲ့ စိုက်ပျိုးရန် ပြင်ဆင်လျက်ရှိ သည်။ အဆိုပါနေ့က ငှက်ပျောစိုက်ခင်းအား သွင်းအားစုများဖြစ်သော အရိန္ဒမာဇီဝ ဓါတ်မြေသြဇာနှင့် ဂျစ်ဆမ်တို့အား ဝန်ထမ်းများမှ အာဟာရအဖြစ် ထည့်သွင်းခဲ့ပြီးပေါင်းမြက်များ ရှင်းလင်းခဲ့ကြသည်။

မလှိုင်မြို့နယ်သည် မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရေရှားရပ်ဝန်းဒေသ ဖြစ်ပြီးမြို့ပေါ်ရပ်ကွက်များတွင် အပင်စိုက် ပျိုးရန်သင့်လျော်သောမြေရှိပြီး စိုက်ပျိုးရေကောင်းရရှိရန်  ခက်ခဲသော်လည်း မြို့နယ်အုပ်ချုပ် ရေးမှူး ဦးစိုးမင်းထက်၏ ဦးဆောင်ကြိုးပမ်းမှု ဝန်ထမ်းများ၏အားထုတ်မှုကြောင့် ရှင်သန်ဖြစ်ထွန်းနေခြင်းဖြစ်သည်။ ငှက်ပျောအသီး၊ အခိုင်များ ထွက်ရှိလာပါက ဒေသတွင်း စားသုံးမှုအား အထောက်အကူဖြစ်လာမည့်အပြင် ဝန်ထမ်းသက်သာချောင်ချိရေးအတွက် များစွာ အထောက်အကူပြု လာနိုင်မည်ဖြစ်သည်။

ထို့အပြင်ရုံးသို့ ဝန်ဆောင်မှုရယူရန် လာကြသောပြည်သူများ အနေဖြင့် ပတ်ဝန်းကျင် လေကောင်း လေသန့်ရရှိ၍ ကျန်းမာရေးအတွက်လည်း အထောက်အကူ ပြုစေနိုင် မည်ဖြစ်ကြောင်း သိရသည်။

အောင်ဌေး(မလှိုင်)