လဲချား ဒီဇင်ဘာ ၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများကို ယနေ့ နံနက် (၁၀) နာရီအချိန်တွင် မြို့နယ်မိခင်နှင့် ကလေး ကျန်းမာရေးဌာနတွင် ထိုးနှံပေးခဲ့သည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများမှ ဆေးလာရောက် ထိုးနှံသူများကို ကိုယ်အပူချိန် တိုင်းတာခြင်း၊ လက်ဆေးခြင်း၊နှာခေါင်းစည်းများ တပ်ဆင်စေပြီး အသက် (၁)နစ်ခွဲအောက် ကလေးများကို ဘီစီဂျီ၊ အသည်းရောင်အသားဝါ (ဘီ)၊ ပြင်းထန်ဝမ်းပျက် ဝမ်းလျှော(ရိုတာ)၊ပိုလီယို၊ ပြင်းထန် အဆုတ်ရောင်၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ ဦးနှောက်အမှေးရောင် (ငါးမျိုးစပ် ကာကွယ်ဆေး)၊ ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်၊ ဂျိုက်သိုး စသည့် ပုံမှန်ကာကွယ်ဆေးများကို ထိုးနှံတိုက်ကျွေးခဲ့သည်။
ထိုသို့ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ရာတွင် မြို့ပေါ်ရပ်ကွက်များမှ ကလေးငယ် များအား ကိုဗစ်-၁၉ ရောဂါ ကျန်းမာရေးလမ်းညွှန်ချက်များနှင့် အညီ စနစ်တကျ ထိုးနှံပေး ခဲ့ကြောင်း သိရသည်။
လွှမ်းသူနောင် ( လဲချား)