အင်တော ဒီဇင်ဘာ ၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ အင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုများပြားလာသဖြင့် ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသိပညာပေးနှိုးဆော်မှုများအား ကျယ်ကျယ်ပြန့်ပြန့် လိုက်လံဆောင်ရွက် လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်၊ ကျေးရွာများ၌ လမ်းဆုံလမ်းခွနေရာများတွင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။
ထိုသို့အသိပညာပေးနှိုးဆော်ရာ၌ အင်တောမြို့တွင် စက်တင်ဘာလအတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်မှုဖြစ်ပွားမှု မြင့်မားလာသဖြင့် ပြည်သူများအနေဖြင့် မလိုအပ်ဘဲ အပြင်မထွက်ကြရန်၊ လက်ရှိအခြေအနေတွင် အရေးကြီးဆုံးမှာ အတတ်နိုင်ဆုံးမဖြစ်မနေ အိမ်တွင်း၌သာ နေထိုင်ကြရန်၊ သို့မှသာ ရောဂါကွင်းဆက်ပြတ်တောက်ပြီး ကူးစက်မှုကို ထိထိရောက်ရောက် ကာကွယ်နိုင်မှာဖြစ်ပါတယ်၊ မိမိတို့အိမ်တွင် ပြင်ပမှလာသော ဧည့်သည်များ လက်မခံပါရန်နှင့် ထို့အတူ မိမိတို့ကလည်း အခြားသူများထံ သွားရောက်ခြင်းမပြုကြရန်၊ မဖြစ်မနေ အရေးကြီးကိစ္စကြောင့် အပြင် ထွက်ရပါက ပါးစပ်နှင့် နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင်ပါ၊ အခြားသူများနှင့် အနည်းဆုံး ၆ ပေအကွာမှ ခပ်ခွာခွာနေပါ၊ Mask မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းများမှ ရှောင်ကြဉ်ကြ ပါရန်၊ လူစုလူဝေးပြုလုပ်ခြင်း၊ သွားလာခြင်းကို ရှောင်ကြပါ၊ တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း ထိတွေ့ပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် အနည်းဆုံး စက္ကန့် ၂၀ ကြာအောင် စနစ်တကျဆေးပါ၊ လက်ကို မကြာခဏ ဆေးကြောကြပါ၊ လက်ကို ဆေးကြောခြင်းမပြုဘဲ ပါးစပ်၊ နှာခေါင်းနှင့် မျက်စေ့တို့ကို ပွတ်သတ်ခြင်း၊ ကိုင်တွယ်ခြင်းနှင့် ထိတွေ့ခြင်း မပြုလုပ်ကြရန်၊ လေဝင်လေထွက် မကောင်းသော အခန်းများကို ရှောင်ပါ၊ မိမိတို့နေအိမ်များကို ပြတင်းတံခါးများ ဖွင့်ပြီး လေဝင်လေထွက်ရှိအောင် လုပ်ကြပါရန်၊ ပါးစပ်နှာခေါင်းစည်း စနစ်တကျ တပ်ဆင်ခြင်းလိုက်နာရမည့် အချက်များ၊ ရှောင်ကြဉ်ရမည့် အချက်များနှင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားရှိသည့် ညွှန်ကြား ချက်များအား မြို့ပေါ်(၆)ရပ်ကွက်နှင့်ကျေးရွာများသို့ ပြည်သူများ သိရှိလိုက်နာဆောင်ရွက်နိုင်ရေး အသံချဲ့စက်ဖြင့် လှည့်လည်အသိပညာပေး နှိုးဆော်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ အသိပေးနှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သန်းသန်းညွန့်နှင့် ဝန်ထမ်းများ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် မီးသတ်တပ်ဖွဲ့ဝင် တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောင်ခိုင် (ပြန်/ဆက်)