နွားထိုးကြီး၊ ဩဂုတ် ၂၁
မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ပထမအကြိမ်ကပ်ထားကြေညာခဲ့သော မဲဆန္ဒရှင်စာရင်းများ ထည့်သွင်းပယ်ဖျက်၊ ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နွားထိုးကြီးမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စုများမှာ အသက် ၁၈ နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းများကို ပထမအကြိမ်ကပ်ထားကြေညာခဲ့ရာ မဲဆန္ဒရှင်စာရင်းမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအမည်စာရင်းကျန်ခဲ့ခြင်း၊ မပါဝင်သင့်သူများပါဝင်နေခြင်း၊ ပါဝင်သောအချက်အလက်များ မှားယွင်းနေခြင်းစသည့် လုပ်ငန်းလိုအပ်ချက်များနှင့်ပတ်သက်၍ မဲဆန္ဒရှင်စာရင်းများ ထည့်သွင်း၊ ပယ်ဖျက်၊ ပြင်ဆင်ခြင်းလုပ်ငန်းများဆောင်ရွက်နေကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
နွားထိုးကြီးမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲအတွက် မဲရုံပေါင်း၂၂၀ ရုံ၊ မဲဆန္ဒရှင်စာရင်းဦးရေ ၁၆၀၂၉၉ ဦးရှိပြီးမဲဆန္ဒရှင်စာရင်းများကို ပထမအကြိမ်ကပ်ထားကြေညာထားခဲ့ရာ လာရောက်ကြည့်ရှုသူ ၂၂၅၃၈ ဦးရှိပြီး မဲဆန္ဒရှင်စာရင်းမှာမိမိအမည်မပါဝင်၍ ပုံစံ (၃) ဖြင့် အမည်ထည့်သွင်းရန် တောင်းဆိုလျှောက်ထားသူ ၁၃၁၂ ဦး၊ မဲဆန္ဒရှင်စာရင်းမှာ မပါဝင်သင့်သူများပါဝင်နေ၍ ပုံစံ (၄) ဖြင့် ကန့်ကွက်ထားသူ ၇၈၀ ဦး၊ မဲဆန္ဒရှင်စာရင်းမှာ ပါဝင်သောအချက်အလက်များ မှားယွင်းနေ၍ ပုံစံ (၄-ဂ) ဖြင့် ပြင်ဆင်လွှာတင်သွင်းသူ ၁၈၆၇ ဦးရှိကြောင်း၊ ပထမအကြိမ်ကြေညာခဲ့သော မဲဆန္ဒရှင်စာရင်းများနှင့်ပတ်သက်၍ မဲဆန္ဒရှင်စာရင်းများထည့်သွင်း၊ ပယ်ဖျက်၊ ပြင်ဆင်ခြင်းလုပ်ငန်းကို ဩဂုတ် ၁၅ ရက်မှ စက်တင်ဘာ ၁၄ ရက်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်လင်း(နွားထိုးကြီး)