ကော့သောင်းမြို့ဈေးများမီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆောင်ရွက်ထားရှိမူ လိုက်လံစစ်ဆေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်

ကော့သောင်း  ဒီဇင်ဘာ ၂

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်အတွင်းရှိဈေးများမီးဘေး အန္တရာယ်များဖြစ်ပွား လာပါက ကြိုတင်ကာကွယ်ရေး အစီအမံများ ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် အသိပညာပေး လုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက  ကော့သောင်းခရိုင် မီးသတ်ဦးစီးဌာနမှ မြို့ပေါ်ရှိဈေးများ အတွင်းလိုက်လံစစ်ဆေးကာ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဈေးများမီးလောင်ကျွမ်းသည့်ဖြစ်စဉ်များ မကြာခဏဆိုသလိုဖြစ်ပေါ်လေ့ရှိပြီး မီးဘေးအန္တရာယ် များ ဖြစ်ပွားလာပါကဆုံးရှူံးမှုပမာဏမှာလွန်စွာများပြားသဖြင့် ထိရောက် လျင်မြန်စွာနှင့် ဆုံးရှုံးမှုအနည်းဆုံး မီးငြိမ်းသတ် ဆောင်ရွက်နိုင်ရန်အတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊  မီးလောင်ကျွမ်းမှုဖြစ်ပေါ်လာပါက မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့(၁၉၁)ဖုန်းနံပါတ်သို့ အမြန်ဆုံး သတင်းပို့ဆောင်ရွက်ဖို့ လိုအပ်ကြောင်း ခရိုင် မီးသတ်ဦးစီးဌာနမှူး ဦးအောင်ငြိမ်းဦးက ပြောသည်။

ယင်းသို့လိုက်လံစစ်ဆေးရာတွင် မီးသတ်ဦးစီးဌာန၏ညွန်ကြားချက်များနှင့်အညီ ဈေးများ အတွင်း ဈေးသူဈေးသားဆိုင်ခန်းပိုင်ရှင်များနေဖြင့် မိမိတို့ဆိုင်ခန်းအလိုက် မီးဘေးအန္တရာယ် ဖြစ်ပေါ်လာပါက အရေးပေါ်မီးငြိမ်းသတ်နိုင်ရေးမီးသတ်ဆေးဗူးများစနစ်တကျထားရှိမှုရှိမရှိ၊ သက်ဆိုင်ရာ ဈေးကော်မတီများ၏ အစီအစဉ်ဖြင့် မီးသတ်ရေပိုက်ခေါင်းများ ဈေးပတ်ဝန်းကျင် တပ်ဆင်ထားရှိမှုအခြေအနေ၊ မီးသတ်ရေကန်များ အတွင်းရေသိုလှောင်ထားရှိမှုအခြေအနေနှင့် လျှပ်စစ်ကြိုးများမှတဆင့် လျော့ဖြစ်ကာမီးလောင်ကျွမ်းမှုများ မဖြစ်ပေါ်စေရေးသတိပြု သုံးစွဲရမည့်အခြေအနေများအား မြို့ပေါ်ရပ်ကွက်ဈေးများဖြစ်သည့် ရွှေပြည်သာဈေး၊ ရွှေဇင်ယော်နန္ဒဝန်ဈေး၊ ဘုရင့်နောင်ဈေး နှင့် မြို့မဈေးများအတွင်း လိုက်လံကွင်းဆင်း စစ်ဆေး ဆောင်ရွက်ခဲ့ကြကာ ဈေးသူဈေးသားများအား အရေးပေါ် မီးသတ်ဆေးဗူး စနစ်တကျအသုံးပြု နည်းအား လက်တွေ့သင်ကြားသရုပ်ပြသပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ကြောင်းသိရသည်။

ကျော်စိုး (ကော့သောင်း)