၂၀၂၁-၂၀၂၂ ခုနှစ် (၆)လ ဘတ်ဂျက် ဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျေးလက် ကုန်ထုတ်လမ်း/တံတား လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ကျောက်ပန်းတောင်း ဒီဇင်ဘာ   ၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခုနှစ်၊ (၆)လဘတ်ဂျက် ပြည်ထောင်စု ငွေလုံးငွေရင်း(မူလ) ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိ သည့် မြင်သာတောင် ကျေးရွာအုပ်စု၊ ခါးပတ်ကျေးရွာ  ကျင်းကြီး ကုန်ထုတ်လမ်း/တံတားလုပ်ငန်းများကို၊ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းနှင့် တာဝန်ရှိသူများက ယမန်နေ့ မွန်းလွဲ ၂ နာရီက ကွင်းဆင်း စစ်ဆေးခဲ့ ကြောင်းသိရသည်။

ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားစီးပွားရေးလုပ်ငန်းများ၏ ထုတ်ကုန်/ထွက်ကုန်များကို ကုန်ကျစရိတ် အနည်းဆုံးဖြင့် လွယ်ကူလျှင် မြန်စွာ သယ်ယူ ပို့ဆောင်ပေးနိုင်ရေးအတွက် ကျေးလက် ကုန်ထုတ်လမ်း၊ တံတားများကို အကောင်အထည်ဖော်ဆောင်ရွက် ပေးလျက်ရှိရာ၊ မြင်သာတောင်ကျေးရွာအုပ်စု၊ ခါးပတ် ကျေးရွာ ကျင်းကြီး ကုန်ထုတ် လမ်း/တံတားလုပ်ငန်းများကို Mega Glory ကုမ္ပဏီမှ ခွင့်ပြုငွေကျပ် (၁၀၀.၇)သန်းဖြင့် တာဝန်ယူဆောင်ရွက်ခွင့်ရရှိခဲ့ပြီး၊ အဆိုပါ ကျင်းကြီးကုန်ထုတ်လမ်းမှာ (မြေသား+ဂျင်း) ခင်းခြင်းလုပ်ငန်း(၁/၄.၁၉၆)မိုင် ×၁၂ပေ× ၂ပေ.၉လက်မနှင့် ကုန်ထုတ် Slab Culvert (၃ပေ×၂၀ပေ×၃ပေ) (၆)စင်း၊ ရေကျော် (၆၀ပေ×၂၆ပေ×၂ပေ. ၆လက်မ)(၁)စင်း တည်ဆောက်ခြင်း လုပ်ငန်းများကို မြို့နယ် ဦးစီးမှူး ဦးဇော်မင်းထွန်းနှင့် ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးခဲ့ပြီး၊ ကုမ္ပဏီတာ ဝန်ရှိသူများ၊ ကျေးရွာ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့် အရည်အသွေးပြည့်မီရေး၊ သတ်မှတ် အချိန်မီပြီးစီးရေး စသည့်လုပ်ငန်းလိုအပ်ချက်များ ဆွေးနွေးမှာကြားခဲ့သည်။

အဆိုပါ လမ်းနှင့်တံတား လုပ်ငန်းများကို (၁၈-၁၁-၂၀၂၁)ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ကြောင်းသိရပြီး ယခုအခါ လုပ်ငန်း၏ (၁၀)ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်၍ လုပ်ငန်းအားလုံးပြီးစီးပါက ကျေးရွာရှိ အိမ်ခြေ (၄၀၄)အိမ်မှ လူဦးရေ (၂၁၅၈)ဦး၏ အကျိုးပြုလယ်ယာမြေ ဧက(၂၅၀)ဧကအတွက် အကျိုးကျေးဇူး ရရှိ ခံစားရမည်ဖြစ် ကြောင်းသိရသည်။

နေအောင်(ပြန်/ဆက်)