နမ့်ခမ်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေး အတွက်  ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိ

နမ့်ခမ်း       ဒီဇင်ဘာ   ၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားသည့် ကာလအတွင်း အခြေခံပညာကျောင်းများ ယာယီပိတ်ထားခြင်းမှ ပယ်ဖျက်၍ စာသင်ကျောင်းများ  ဖွင့်လှစ်နိုင်ရေးအတွက်  ယမန်နေ့ နံနက်ပိုင်းက နမ့်ခမ်းမြို့ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နမ့်ခမ်းမြို့ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးက " နိုဝင်ဘာလ ၃ဝ ရက်နေ့က ကျောင်းအကျိုးတော်ဆောင်ကော်မတီများနှင့် ကျောင်းသားမိဘများအား စာသင်ကျောင်း ဖွင့်လှစ်နိုင်ရေးအတွက် ဆွေးနွေးတိုင်ပင်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ဆရာ၊ ဆရာမများက ကျောင်းဝင်းအတွင်း သန့်ရှင်းရေး စုပေါင်းဆောင်ရွက်ခဲ့​ကြပြီး ဒီဇင်ဘာလ၁ရက်နေ့ နံနက်ပိုင်းတွင် ကျောင်းသားကျောင်းသူများကို စတင်လက်ခံခြင်းကို ဆောင်ရွက်လျက်ရှိပါတယ်" ဟု ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုကြောင့် စာသင်ကျောင်း ယာယီပိတ်ထား၍ ယခုရက်ပိုင်းအတွင်း  ကျောင်းဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုများကို ပြောကြားသည်။ 

အခြေခံပညာကျောင်းများ ယာယီပိတ်ထားသည့် မြို့နယ် (၄၆) မြို့နယ်အနက်မှ ဓာတ်ခွဲစစ်ဆေးသူများတွင် ပိုးတွေ့သူရာခိုင်နှုန်း (၃) ရာခိုင်နှုန်းအောက်သို့ ရောက်ရှိသည့် ရှမ်းပြည်နယ် (မြောက်ပိုင်း)မှ နမ့်ခမ်းမြို့နယ်အပါအဝင် မြို့နယ် (၇)မြို့နယ်ရှိပြီး နမ့်ခမ်းမြို့နယ်အတွင်း အခြေခံပညာကျောင်းများကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေး ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် လိုက်နာရမည့် လမ်းညွှန်ချက်များ (Version 4.0) အတိုင်း ဖွင့်လှစ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။

နမ့်ခမ်းမြို့နယ်တွင် အခြေခံပညာ အထက်တန်းကျောင်း (၈) ကျောင်း၊ အလယ်တန်းကျောင်း (၁၇) ကျောင်း၊ မူလတန်းကျောင်း (၁၁၂)  ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၃) ကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၁) ကျောင်းရှိပြီး ယနေ့တွင် စာသင်ကျောင်း (၇) ကျောင်း ဖွင့်လှစ်နိုင်ခဲ့သည်။ မြို့နယ်အတွင်းရှိ စာသင်ကျောင်းများအားလုံး ဖွင့်လှစ်နိုင်ရေးအတွက် သက်ဆိုင်ရာ ကျောင်းအုပ်များမှ လိုအပ်သည့် ကြိုတင်ပြင်ဆင် မှုများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ဆိုင်ထွန်း(နမ့်ခမ်း)