လဲချား ဒီဇင်ဘာ ၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးလုပ်ငန်းစဉ် တစ်ခုအဖြစ် အခမဲ့ ဖွင့်လှစ်ခဲ့သည့် ကျေးလက်နေ အမျိုးသမီးများ ဝင်ငွေတိုးပွားစေရေး သက်မွေးအထောက် အကူပြု အခြေခံစက်ချုပ် သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၁၀) နာရီ အချိန်က မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဝင်ဥက္ကဋ္ဌ ဦးဖြိုးမြင့်ဝေက အမှာစကားပြောကြးခဲ့ပြီး မြို့နယ်ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသီဟန်လင်းမှ သင်တန်းဆင်း ဂုဏ်ပြုအမှာစကား ပြောကြားကာ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။
အဆိုပါ အခြေခံစက်ချုပ်သင်တန်းတွင် ကျေးလက်နေ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိပြီး ကျေးလက်နှင့် မြို့ပြကွာဟမှု ကျဉ်းမြောင်းလာစေရန်နှင့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း တစ်ခုအဖြစ် ရပ်တည်လုပ်ကိုင်နိုင်စေရန် ရည်ရွယ်ကာ တစ်လကြာ အခြေခံစက်ချုပ်သင်တန်းကို အခမဲ့ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
လွှမ်းသူနောင် (လဲချား)