မန်ကန် ဒီဇင်ဘာ ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မန်ကန်မြို့၌ အသက်(၁၂)နှင့် အသက် (၁၈)နှစ် ကြားရှိ ကျောင်းသား၊ ကျောင်းသူများအား မန်ကန်မြို့ အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံပညာအလယ်တန်းခွဲညက်ကာကျောင်းများတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinovac) ပထမအကြိမ်ကို ယနေ့ နံနက် ၉နာရီအချိန်က စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေး တစ်လုံးကို (၂)ဦးနှုန်းဖြင့် ထိုးနှံပေးလျက်ရှိရာ မန်ကန်မြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၄၀)ဦးနှင့် အခြေခံပညာအလယ်တန်းခွဲညက်ကာကျောင်းမှ (၃၄)ဦး စုစုပေါင်း (၇၄)ဦးတို့အား ပထမအကြိမ် ထိုးနှံပေးခဲ့ပြီး မထိုးနှံမီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ဓာတ်မတည့်သည့်ဆေး ရှိ/မရှိနှင့် သွေးမတိတ်ရောဂါ ရှိ/မရှိ မေးမြန်းပြီးမှသာ မန်ကန်မြို့ ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးဝန်ကြီးဌာန၏ သတ်မှတ်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကာကွယ်ဆေးကို စနစ်တကျထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် အသက်(၁၈)နှစ် အထက် ဒေသခံပြည်သူများကိုလည်း (Sinopharm) ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး ထပ်မံထိုးပေးသွားမည်ဟု ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီမှ ဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်မင်းထွန်းက ပြောကြားခဲ့ကြောင်း သိရသည်။
မန်ကန် (ပြန်/ဆက်)