ဇေယျာသီရိ ဒီဇင်ဘာ ၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနနှင့် နေပြည်တော် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ အသက်မွေးဝမ်းကျောင်း အထောက်ကူပြု ဆပ်ပြာ၊ ဆပ်ဆီနှင့် ခေါင်းလျော်ရည် ပြုလုပ်နည်းသင်တန်းကို ကျောက်ချက် ကျေးရွာအုပ်စု၊ အလယ်ရွာကျေးရွာ မိုးသောက်ပန်း စာကြည့်တိုက်၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။ ဇေယျာသီရိမြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်နှင့် မိသားစုဝင်ငွေတိုးပွား စေရန်ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်းအထောက်ကူပြု သင်များဖွင့်လှစ်ပေး လျက်ရှိရာ အခမ်းအနားတွင် နေပြည်တော်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူး ဦးမျိုးမျိုးနှင့် နေပြည်တော် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူး ဦးကျော်နိုင်တို့က အဖွင့်အမှာစကားအသီးသီးပြောကြားခဲ့သည်။ ထို့နောက် နေပြည်တော် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူး ဦးမျိုးမျိုးက သင်တန်းသား/သူများအား သင်ထောက်ကူပစ္စည်းများထောက်ပံ့ပေးအပ်ခဲ့သည်။ အဆိုပါသင်တန်းသို့ ကျောက်ချက်ကျေးရွာအုပ်စုမှ သင်တန်းသား/သူ (၂၀) ဦး တက်ရောက် သင်ကြားလျက်ရှိပြီး ဒီဇင်ဘာလ ၁ ရက်နေ့မှ ၁၀ ရက်နေ့အထိ ၁၀ ရက်ကြာ သင်ကြားပို့ချ သွားမည်ဖြစ်ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)