ကလော ဒီဇင်ဘာ ၁
ကျေးလက်နေ တိုင်းရင်းသူလေးများအား အခြေခံအချုပ်အလုပ် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ပညာရပ်များ သင်ကြားတတ်မြောက်ပြီး မိမိတို့ရပ်ရွာဒေသအတွင်း တစ်နိုင် တစ်ပိုင် စီးပွားရေးလုပ်ငန်များ ဆောင်ရွက်ခြင်းဖြင့် မိသာစုဝင်ငွေ တိုးပွားလာစေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကလောမြို့နယ်၊ နောင်ရဲကျေးရွာအုပ်စု၊ ဘုရားဖြူ ကျေးရွာတွင် တောင်ကြီးမြို့ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း၊ ကလောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ၂၀၂၁-၂၀၂၁၂ ခု (၆)လပတ် ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကြောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက် သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်ခန့် က ဘုရားဖြူကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူး ဦးဝင်းဇော်ထွန်းက သင်တန်းဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍အဖွင့် အမှာစကား ပြောကြားပြီး ကလောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးခွန်မြင့်သောင်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြား ခဲ့သည်။
ထို့နောက် တောင်ကြီးမြို့ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းမှ ကျောင်းအုပ် ဒေါ်ခိုင်ခိုင်သိန်းက ဦးစီးဌာန၏ သင်တန်းဆိုင်ရာများအား ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါ သင်တန်းတွင် နောင်ရဲကျေးရွာအုပ်စုရှိ၊ ငှက်ပျောတော၊ နောင်ရဲ၊ ဘုရားဖြူကျေးရွာတို့မှ သင်တန်းသူ (၂၀) ဦးတို့ကို သင်တန်းကာလ (၁)လကြာ စာတွေ့လက်တွေ့ အခမဲ့သင်ကြားပို့ချပေး သွားမည် ဖြစ်ကြောင်း သိရသည်။
ကျော်ဝင်း(ပြန်/ဆက်)