တောင်ဥက္ကလာပ ဒီဇင်ဘာ ၁
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ဦးစားပေးဦးတည်အုပ်စုများအလိုက် ပြည်သူများကို ယနေ့ နံနက်(၉)နာရီ အချိန်မှစတင်၍ သတ်မှတ်စုရပ်နေရာ အသီးသီးတို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူများအား ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေးခဲ့ကြောင်းသိရှိရသည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးပေးရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဖြစ်သည့် တရုတ်နိုင်ငံထုတ် Sinophram အမျိုးအစားကာကွယ်ဆေးများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ဦးစားပေး ဦးတည်ဦးစုရပ်များခွဲ၍ ကာကွယ်ဆေးထိုးပေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်မိုးနှင့် အဖွဲ့၀င်များ၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန် ရေးကော်မတီဝင်များ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များမှ လာရောက်၍ လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ်အတွင်းတွင် ရပ်ကွက်(၁၃)ခုရှိပြီး ဦးစားပေးဦးတည်အုပ်စုအလိုက် ပြည်သူများကို အမှတ် (၁၀)ရပ်ကွက်ရှိ ဟေမဝန်ဓမ္မာရုံ၊ အမှတ်(၁၄)ရပ်ကွက်ရှိ မုနိဓမ္မာရုံ၊ အမှတ်(၁၁)ရပ်ကွက်ရှိ သာသနာ့ဟိတ ဓမ္မာရုံ၊ အမှတ်(၄)ရပ်ကွက်ရှိ လူထုဓမ္မာရုံနှင့် အမှတ်(၆)ရပ်ကွက်ရှိ ကျန်းမာရေးဦးစီးဌာနတို့တွင် စုရပ်(၅) နေရာခွဲ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးကြောင်း သတင်း ရရှိပါသည်။
ခင်ဆွေနှင်း