တောင်ဥက္ကလာပမြို့နယ်တွင် လက်ဖက်ရည်ဆိုင်နှင့် စားဖွယ်စုံဆိုင်များ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်နိုင်ရန်ကွင်းဆင်းစစ်ဆေး

ရန်ကုန် ဩဂုတ် ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ လက်ဖက်ရည်ဆိုင်နှင့် စားဖွယ်စုံ ဆိုင်များ အား ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်နိုင်ရေးကို ယမန်နေ့ နံနက်(၉)နာရီ အချိန်၌ အဖွဲ့များခွဲ၍ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ဆေးမှုတွင် အဖွဲ့(၃)ဖွဲ့ခွဲကာ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပြီး မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဝင်များနှင့် တာဝန်ရှိသူများသည် မြို့နယ်အတွင်းရှိ လက်ဖက်ရည်ဆိုင်နှင့် စားဖွယ်စုံဆိုင်များ ဖွင့်လှစ် ရာတွင် စားသုံးသူများအား တစ်ဦးနှင့်တစ်ဦး အကာအကွယ်များဖြင့် စားသောက်နိုင်ရန် စီစဉ်ထားရှိမှု၊ ဆိုင်ဝန်ထမ်းများအား နှာခေါင်း စည်း (Mask)နှင့် မျက်နှာကာများ စနစ်တကျတပ်ဆင်ထားရှိမှု၊ လက်ဆေး ဘေစင်များထားရှိမှု၊ တစ်ဦးနှင့်တစ်ဦး သတ်မှတ်အကွာ အဝေးများတွင် စားသုံးနိုင်ရန် စီစဉ်ဆောင်ရွက်ထားမှု၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက် ပိုစတာ များအား စားသုံးသူများသိရှိနိုင်ရန် စနစ်တကျချိတ်ဆွဲထားခြင်းရှိ/ မရှိ စသည့် ဆောင်ရွက်ထားရှိမှုများကို စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် စားသောက်ဆိုင်များနှင့် စားဖွယ်စုံဆိုင်များ၌ ပြင်ဆင်ထားရှိရန် အချက်များ၊ စားသုံးသူများ လိုက်နာဆောင်ရွက် ရမည့် အချက်များ အထူးဂရုပြုဆောင်ရွက်ရမည့် သန့်ရှင်းရေးလုပ်ငန်းများ စသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထား သော လမ်းညွှန်ချက်များနှင့်အညီ စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများ ကို ပထမအကြိမ် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။                                                     

ဝင်းထက်ထက်အောင်(ပြန်/ဆက်)