တာမွေမြို့နယ်တွင် နှာခေါင်းစည်း (Mask) တပ်ဆင်ရေး အသိပညာပေးလှုပ်ရှားမှုအရှိန် အဟုန်မြှင့်ဆောင်ရွက်

ရန်ကုန် ဒီဇင်ဘာ ၁

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်စေရန်နှင့် ပြည်သူများအနေဖြင့် နေအိမ်မှ ပြင်ပသို့ ထွက်ခွာသွားလာသည့်အခါတိုင်း နှာခေါင်းစည်း (Mask)  တပ်ဆင်သည့် အမူအကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က တာမွေမြို့နယ် စည်ပင်သာယာရေး ကော်မတီစျေးများနှင့်ကုန်စည်ပွဲရုံများဌာန၏ ဦးဆောင်မှုဖြင့် မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်း ကော်မတီ ဝင်များနှင့် မြို့နယ်စည် ပင်သာယာရေး ကော်မတီမှ ဝန်ထမ်းများ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းအချိန်က တာမွေမြို့နယ်ရှိ ကျောက်မြောင်းစျေးတွင် နှာခေါင်းစည်း (Mask) တပ်ဆင်ရေး အသိပညာပေး လှုပ်ရှားမှုကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့တာမွေမြို့နယ်ရှိ ကျောက်မြောင်းစျေးတွင် အသိပညာပေး လှုပ်ရှားမှုဆောင်ရွက်ရာ၌ စျေးရောင်းချ နေသူများနှင့် စျေးလာရောက်ဝယ်ယူကြသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ပစ္စည်းများဖြစ်သည့် နှာခေါင်းစည်း (Mask)များ၊ မျက်နှာကာ (Face shield)များ၊ ခေါင်းစွပ်များနှင့်လက်အိတ်များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြပြီး စျေးရောင်း/ စျေးဝယ် ပြုလုပ်ကြရာတွင်  နှာခေါင်းစည်း (Mask)နှင့် မျက်နှာကာ (Face shield)များ တပ်ဆင်ပြီးမှ စျေးရောင်း/စျေးဝယ်ပြုလုပ်ကြရန်၊ နေအိမ်ပြင်ပမှ ပြန်လာသည့်အခါတိုင်းနှင့် အရာဝတ္ထုများ ကိုင်တွယ်ပြီးတိုင်း လက်ကို လက်သန့်ဆေးရည်(သို့)လက်ဆေးဆပ်ပြာနှင့် မကြာခဏ စက္ကန့်(၂၀)ကြာ စနစ်တကျဆေးကြောကြရန်၊ တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာမှ စျေးရောင်း/စျေးဝယ်ပြုလုပ်ကြရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ နေထိုင်သွားလာစားသောက်ကြရန် အသိ ပညာပေး နှိုးဆော်ခဲ့ကြသည်။

တာမွေမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် နှာခေါင်းစည်း (Mask) တပ်ဆင်ရေး အသိပညာပေး လှုပ်ရှားမှုများ ဆောင်ရွက် ပေးနေမှုအပေါ် စျေးလာရောက် ဝယ်ယူသူ ဒေါ်စိုးသန္တာကလည်း "ယခုလို သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ နှာခေါင်းစည်း (Mask)အပါအဝင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာ ကွယ်ရေး ပစ္စည်းတွေကို အခမဲ့ဖြန့်ဝေပေးတဲ့အတွက်ရော၊ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန် အချက်တွေကို အသိပညာပေးတဲ့အတွက်ရော ကျေးဇူးအများကြီးတင်ရှိ ပါတယ်။ ကျွန်မတို့ ပြည်သူတွေအနေနဲ့လည်း နောက်တစ်ကြိမ် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မဖြစ်ပွားစေရေးအတွက် အပြင်သွားတဲ့အခါတိုင်း နှာခေါင်းစည်း (Mask)ကို စနစ်တကျ တပ်ဆင်ပြီးမှ သွားလာကြဖို့ကိုလည်း ကျွန်မအနေနဲ့ တိုက်တွန်းချင်ပါတယ်။ တစ်ဦး တစ်ယောက်မှသည် ပြည်သူအားလုံးက ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက် တွေကို တိတိကျကျ လိုက်နာကြမယ်ဆိုရင် ဒီကပ်ရောဂါဆိုးကြီးကို ကျော်လွှားနိုင်မယ်ဆိုတာ ယုံကြည်မိပါတယ်  ဟု ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် အပါအဝင် တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များတွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းတွေကို ဘက်စုံထောင့်စုံမှ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပြီး ယခုအခါ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုနှုန်း လျော့နည်းကျဆင်းလာမှုနှင့်အတူ နှာခေါင်းစည်း (Mask) မတပ်ဆင်သူများ ပိုမိုများပြားလာသည့်အတွက် ယခုလို နှာခေါင်းစည်း (Mask) တပ်ဆင်ရေး အသိပညာပေး လှုပ်ရှားမှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်(ပြန်/ဆက်)