တောင်ဥက္ကလာပမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေး

တောင်ဥက္ကလာပ နိုဝင်ဘာ ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစီစစ်ရေးကတ်နှင့် အိမ်ထောင်စုဦးရေစာရင်းများကို ယမန်နေ့နံနက်(၉)နာရီအချိန်က အမှတ်(၁၁) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ပေးရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိဦးညွန့်ဦးနှင့် ဝန်ထမ်းများက ပန်းခင်း စီမံချက်အရ အမှတ်(၁၁)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးသို့သွားရောက်၍ နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ် ပေးခြင်းဖြစ်ကာ မြို့နယ်ဦးစီးအရာရှိက ပန်းခင်းစီမံချက် ဆောင်ရွက်သည့် ရည်ရွယ်ချက်နှင့် နိုင်ငံသား စိစစ်ရေးကတ်ပြုလုပ်ရာတွင် ပါရှိရမည့် အထောက်အထားများ၊ ပျောက်ဆုံး/ပျက်စီးမှု မရှိစေရေး၊ စနစ်တကျကိုင်တွယ် အသုံးပြုရမည့် နည်းစနစ်များကို အသိပညာပေး၍ အမှတ်(၁၁) ရပ်ကွက်နေ ပြည်သူတို့အား အိမ်ထောင်စုလူဦးရေစာရင်း(၁၂)စုနှင့် နိုင်ငံသား စီစစ်ရေး ကတ်ပြား(၄၅)ခု ဆောင်ရွက်ပေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်မိုးနှင့် အဖွဲ့ဝင်များမှလာ ရောက်ကြည့်ရူကြီးကြပ်၍ ပြည်သူများလက်ဝယ် အရောက်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းကို ရပ်ကွက်/ကျေးရွာများ အရောက်ကွင်းဆင်း၍  မေလ ၃ ရက်နေ့မှ စတင်ကာ ဆောင်ရွက် ပေးလျက်ရှိရာ မိမိတို့မွေးဖွားရာဇာတိတွင် အမြဲနေထိုင်ကာအိမ်ထောင်စုလူဦး ရေစာရင်းရှိပြီး ကိုင်ဆောင် လက်မှတ် မရှိသူများ၊ လက်ရှိဇာတိတွင် အမြဲနေထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်း မရှိသူများနှင့်ရွေ့ပြောင်း နေသူများအနေဖြင့်မူလဒေသတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်လက် မှတ်မရှိသူများကို ဥပဒေနှင့်အညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း  မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှသိရှိရသည်။

ခင်ဆွေနှင်း( ပြန်/ဆက်)