ရန်ကုန် ဒီဇင်ဘာ ၁
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကို ကာကွယ်ထိန်းချုပ်နိုင်စေရန်နှင့် ပြည်သူများအနေဖြင့် နေအိမ်မှ ပြင်ပသို့ ထွက်ခွာသွားလာသည့် အခါတိုင်း နှာခေါင်းစည်း (Mask) တပ်ဆင်သည့် အမူအကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ ယနေ့ နံနက်ပိုင်းအချိန်က တာမွေမြို့နယ် စည်ပင်သာယာရေးကော်မတီ စျေးများနှင့် ကုန်စည်ပွဲရုံများဌာန၏ ဦးဆောင်မှုဖြင့် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီဝင်များနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများ ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းအချိန်က တာမွေ မြို့နယ်ရှိ ကျောက်မြောင်းစျေးတွင် နှာခေါင်းစည်း (Mask) တပ်ဆင်ရေး အသိပညာပေးလှုပ်ရှားမှုကို အရှိန် အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ တာမွေမြို့နယ်ရှိ ကျောက်မြောင်းစျေးတွင် အသိပညာပေး လှုပ်ရှားမှုဆောင်ရွက်ရာ၌ စျေးရောင်းချ နေသူများနှင့် စျေးလာရောက်ဝယ်ယူကြသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများဖြစ်သည့် နှာခေါင်းစည်း (Mask)များ၊ မျက်နှာကာ (Face shield) များ၊ ခေါင်းစွပ်များနှင့် လက်အိတ်များအား အခမဲ့ ဖြန့်ဝေပေးခဲ့ကြပြီး စျေးရောင်း/စျေးဝယ် ပြုလုပ်ကြရာတွင် နှာခေါင်းစည်း (Mask)နှင့် မျက်နှာကာ (Face shield) များ တပ်ဆင်ပြီးမှ စျေးရောင်း/စျေးဝယ် ပြုလုပ်ကြရန်၊ နေအိမ်ပြင်ပမှ ပြန်လာသည့်အခါတိုင်းနှင့် အရာဝတ္ထုများ ကိုင်တွယ်ပြီးတိုင်း လက်ကို လက်သန့်ဆေးရည်(သို့)လက်ဆေးဆပ်ပြာနှင့် မကြာခဏ စက္ကန့်(၂၀)ကြာ စနစ်တကျ ဆေးကြောကြရန်၊ တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာမှ စျေးရောင်း/စျေးဝယ် ပြုလုပ်ကြရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ နေထိုင်သွားလာ စားသောက်ကြရန် အသိပညာပေး နှိုးဆော်ခဲ့ကြသည်။
တာမွေမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နှာခေါင်းစည်း (Mask) တပ်ဆင်ရေး အသိပညာပေး လှုပ်ရှားမှုများ ဆောင်ရွက်ပေးနေမှုအပေါ် စျေးလာ ရောက်ဝယ်ယူသူ ဒေါ်စိုးသန္တာကလည်း "ယခုလို သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ နှာခေါင်းစည်း (Mask) အပါအဝင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ပစ္စည်းတွေကို အခမဲ့ ဖြန့်ဝေပေးတဲ့အတွက် ရော၊ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန် အချက်တွေကို အသိပညာပေးတဲ့အတွက်ရော ကျေးဇူးအများကြီးတင်ရှိပါတယ်။ ကျွန်မတို့ ပြည်သူတွေအနေနဲ့လည်း နောက်တစ်ကြိမ် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မဖြစ်ပွားစေရေးအတွက် အပြင်သွားတဲ့အခါတိုင်း နှာခေါင်းစည်း (Mask)ကို စနစ်တကျ တပ်ဆင်ပြီးမှ သွားလာကြဖို့ကိုလည်း ကျွန်မအနေနဲ့ တိုက်တွန်းချင်ပါတယ်။ တစ်ဦးတစ်ယောက်မှသည် ပြည်သူအားလုံးက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်တွေကို တိတိကျကျ လိုက်နာကြ မယ်ဆိုရင် ဒီကပ်ရောဂါဆိုးကြီးကို ကျော်လွှားနိုင်မယ်ဆိုတာ ယုံကြည်မိပါတယ်” ဟု ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ် အပါအဝင် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် များတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းတွေကို ဘက်စုံထောင့်စုံမှ စဉ်ဆက် မပြတ် ဆောင်ရွက်လျက်ရှိပြီး ယခုအခါ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း လျော့နည်းကျဆင်းလာမှုနှင့်အတူ နှာခေါင်းစည်း(Mask) မတပ်ဆင်သူများ ပိုမိုများပြားလာသည့်အတွက် ယခုလို နှာခေါင်းစည်း (Mask) တပ်ဆင်ရေး အသိပညာပေး လှုပ်ရှားမှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ သည်။
နိုင်လင်းအောင်(ပြန်/ဆက်)