သီပေါ ဒီဇင်ဘာ ၁
စာဖတ်သူထံသို့ စာအုပ်များလက်ဝယ်အရောက် သွားရောက်ငှားရမ်းပေးခြင်းကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် သီပေါမြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနများသို့ ယခင် ငှားရမ်း ပေးထားသော စာအုပ်များအား ပြန်လည်သိမ်းဆည်းပြီး ယခုအပတ်တွင် သုတ၊ ရသ စာအုပ်များကို တစ်နေရာလျှင် (၃၅) အုပ်ခန့် အသစ်ပြန်လည် ငှားရမ်းပေးခဲ့ပါသည်။ ထိုသို့ငှားရမ်းပေး ရခြင်းမှာ စာပေတန်ဖိုးကို ချစ်မြတ်နိုးတတ် စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများ အကြောင်းကိုသိရှိစေရန်နှင့် အလုပ် တာဝန်များ ကြောင့် မအားမလပ်ဖြစ်နေသည့် ဝန်ထမ်းများ အချိန်မရှိ၍ စာအုပ်စာပေများ လာရောက်မငှားရမ်းနိုင်သည့် ဝန်ထမ်းများ အတွက် ရည်ရွယ်၍ သွားရောက် ငှားရမ်းပေး ခြင်းဖြစ်ကြောင်း သိရသည်။
ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်များငှားရမ်းပေးခြင်းကို သီပေါမြို့နယ် ပြန်/ဆက် ဝန်ထမ်းများက အပတ်စဉ် အင်္ဂါနေ့တွင် ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်များသို့ အလှည့်ကျ သွားရောက်ငှားရမ်းဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)