မိုင်းယုမြို့၌ မြို့တွင်း ကန့်သတ်စစ်ဆေးမှုနှင့် နေ့တစ်ပိုင်း ဈေးရောင်း/ဝယ်နှင့်သွားလာမှုကို ပယ်ဖျက် လိုက်ပြီး လှည့်လည်စစ်ဆေးမှုများကို ရှောင်တခင်ပြုလုပ်သွားမည်

မိုင်းယု ဒီဇင်ဘာ ၁

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင် နယ်စပ်ဒေသ မိုင်းယုမြို့တွင် ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှု လျော့နည်းလာမှုအပေါ်  မြို့ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီအဖွဲ့များက မြို့တွင်း ကန့်သတ်စစ်ဆေးမှုနှင့် နေ့တစ်ပိုင်း ဈေးရောင်း/ဝယ်နှင့်သွားလာမှုကို ပယ်ဖျက်လိုက်သော်လည်း လှည့်လည်စစ်ဆေးမှုများကို ရှောင်တခင်ပြုလုပ်သွားမည်ဖြစ်သည်။

မိုင်းယုမြို့တွင် မြို့ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီအဖွဲ့က ဒေသခံ ပြည်သူတို့၏  ဈေးဆိုင်များဖွင့်လှစ်ခြင်း၊ ဈေးဝယ်ခြင်းနှင့် သွားလာမှုများကို နိုဝင်ဘာ(၂၁)ရက်နေ့မှ နိုဝင်ဘာ (၃၀) ရက်နေ့ထိ နေ့စဉ်နံနက်(၇)နာရီမှ (၁၂)နာရီထိသာ ဈေးရောင်းချ/ဝယ်ခြင်းနှင့် သွားလာခြင်းများကို သတ်မှတ်ထုတ်ပြန်ရက်ပြည့်ခဲ့ပြီဖြစ်၍ ယခုလက်တလောအခြေအနေရ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု လျော့နည်းလာမှုအပေါ် ထပ်မံဖြေလျော့ပေးသည့်အနေဖြင့် ဒီဇင်ဘာ (၁)ရက်နေ့မှစတင်ကာ  ဈေးဆိုင်များ ဖွင့်လှစ်ခြင်း၊ ဈေးဝယ်ခြင်းနှင့် သွားလာမှုများကို နေ့စဉ်အချိန်ပြည့် ခွင့်ပြုလိုက်ပြီဖြစ်သည်။

အဆိုပါ နေ့စဉ်အချိန်ပြည့် ဖွင့်လှစ်ရောင်းချ၊ ဝယ်ယူ၊ သွားလာမှုတွင်  သတ်မှတ်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်နှင့်အညီ  ပြုလုပ်ရမည်ဖြစ်ကြောင်းနှင့် ထို့သို့ နေ့စဉ်အချိန်ပြည့် ခွင့်ပြုထားမှု အပေါ် မြို့ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီအဖွဲ့က ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်ထားမှုရှိ/မရှိကိုလည်း  ရှောင်တခင်လှည့်လည် စစ်ဆေးသွားမည်ဖြစ်ကြောင်း မြို့ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီအဖွဲ့ထံမှ သိရသည်။

ကိုကိုနိုင်(မိုင်းယု)