နမ္မတူ ဒီဇင်ဘာ ၁
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေး ကော်မတီအနေဖြင့် ဦးတည်အုပ်စုအလိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ကျောင်းသား/ကျောင်းသူများနှင့် ပြည်သူ ၁၀၇၂၁ဦးအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးပြီးပြီဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ထိုသို့ထိုးနှံပေးရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီမှ အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ယမန်နေ့တွင် ဘော်တွင်းကျေးရွာသို့ ကွင်းဆင်း၍ ပြည်တော်အေးရပ်ကွက်ရှိ၊ အားကစားရုံ၌ အသက် (၁၈)နှစ်နှင့် အထက် ပြည်သူ၄၁၅ဦးအား ပထမအကြိမ် Sinopharm အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း မြို့နယ်ပြည်သူ့ဆေးရုံမှတာဝန်ရှိသူတစ်ဦးက ပြောသည်။
နမ္မတူမြို့နယ်တွင် ဦးတည်အုပ်စုများအလိုက် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်း အချိန်အထိ ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးသည့် ဒေသခံပြည်သူ ၄၇၂၈ဦး၊ ကျောင်းသား/ကျောင်းသူ ၃၃၆ဦး၊ ကာကွယ်ဆေးတစ်ကြိမ်ထိုးနှံပြီးသည့် ဒေသခံပြည်သူ ၅၀၈၃ဦးနှင့် ကျောင်းသား/ကျောင်းသူ ၅၇၄ဦး၊ စုစုပေါင်းကာကွယ်ဆေးထိုးနှံပြီးသည့် ပြည်သူများနှင့် ကျောင်းသား/ကျောင်းသူ ၁၀၇၂၁ဦး ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။
လူမော် (ပြန်/ဆက်)