မွေးကင်းစမှ တစ်နှစ်ခွဲအရွယ် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန် ကာကွယ်ဆေး ထိုးနှံ၊ တိုက်ကျွေးခြင်း ဆောင်ရွက်

ဆိပ်ကြီးခနောင်တို ဒီဇင်ဘာ ၁

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက မြို့နယ် အတွင်းရှိ မွေးကင်းစမှ အသက်()နှစ်ခွဲအရွယ် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင် များအား ကျန်းမာရေး စောင့်ရှောက်မှု အနေဖြင့် ပုံမှန်ကာကွယ်ဆေး ထိုးနှံ၊ တိုက်ကျွေးခြင်းကို ယနေ့ နံနက်ပိုင်းမှစ၍ မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ဒေသန္တရ ဆေးပေးခန်းတွင်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် သူနာပြု ဆရာမကြီး ဒေါ်ခင်ပပလွင် ဦးဆောင်၍ သူနာပြု ဆရာမများနှင့် ကြက်ခြေနီ လူငယ်များက  ကလေးငယ်များအား  ပေါင်ချိန်ခြင်း၊  ကိုယ်အပူချိန် တိုင်းပေး ခြင်းနှင့် မွေးကင်းစမှ အသက် ၂ လ၊ ၄ လ၊ ၆ လ၊ ၉ လ၊ ၁ နှစ်ခွဲ‌အရွယ် ကလေးငယ်များကို (ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုး၊ မေးခိုင်ရောဂါ၊ အသည်းရောင် အသားဝါး (ဘီ) ဦးနှောက်အမှေး ရောင်ရောဂါ) စသည့် ငါးမျိုးစပ် ကာကွယ်ဆေးများကို ကလေးငယ် များ၏ အရွယ်အလိုက် သတ်မှတ်အကြိမ် အတိုင်း ထိုးနှံပေးခြင်း၊ ပိုလီယို အစက်ချဆေး တိုက်ကျွေးခြင်းတို့ အပြင် ကိုယ်ဝန်ဆောင် မိခင်များအား ကျန်းမာရေးစစ်ဆေး ပေးခြင်းနှင့် မေးခိုင် ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဝေယံ (IPRD)