မလှိုင် ဒီဇင်ဘာ ၁
မလှိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲ(၂)နာရီ အချိန်ခန့်က တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ လုပ်ငန်းခွင်မပျက် ဦးစီးတာဝန်နှင့် ကြေးနန်းစာရေးသားနည်း သင်တန်းပို့ချခဲ့ကြောင်း သိရသည်။
မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်မှ “ရုံးလုပ်ငန်းလက်စွဲ”ပါ ပြဋ္ဌာန်းချက်များကို သိရှိ အသုံးချ နိုင်ရန်၊ “ဦးစီးတာဝန်”လုပ်ငန်းကို နားလည်သဘောပေါက်စေရန်၊ ကြေးနန်းစာရေးသား နည်းကို စနစ်တကျရေးသားတတ်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် သင်တန်းပို့ချခြင်း ဖြစ်ပါကြောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများသည် အထက်ရုံး၊ ဘေးနံကပ်အဖွဲ့အစည်း ရုံးဌာနများ၊ အောက်ခြေ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ် ရေးမှူးရုံးများနှင့် ရုံးလုပ်ငန်းများ ဆက်သွယ်ဆောင်ရွက်ရာတွင် ယခုထက်ပိုမိုထိရောက် မြန်ဆန် စေရန် ယခုကဲ့သို့ လုပ်ငန်းခွင်မပျက် သင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်ပို့ချခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ထုတ်ပြန်ထားရှိ “ရုံးလုပ်ငန်းလက်စွဲ”ပါ ကြေးနန်းစာ ရေးသားနည်း ကို အသေးစိတ် ရှင်းလင်းပို့ချခဲ့ပါသည်။
အဆိုပါသင်တန်းသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး မြို့ပေါ်အရာထမ်း၊အမှုထမ်း (၃၁) ဦး၊ ရပ်ကွက်/ကျေးရွာအုပ်စုစာရေးဝန်ထမ်း(၅၂)ဦး၊ စုစုပေါင်း (၈၃)ဦး တက်ရောက် ဆွေးနွေးခဲ့ ကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)