ကျေးသီးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာ ( ၁၈ )ဦး ဆေးရုံမှဆင်းခွင့်ရ၊ (၁၀)ဦးထပ်မံစစ်ဆေး တွေ့ရှိ

ကျေးသီး   ဒီဇင်ဘာ ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ် တိုင်းရင်းဆေးရုံ  သီးသန့်ဆောင်တွင် ထားရှိကုသပေးလျှက်ရှိသည့် နိုဝင်ဘာ ( ၂၁ )ရက်နေ့က ရောဂါပိုးတွေ့အတည်ပြုလူနာ (၁၈)ဦးမှာ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသည့်အတွက် ယမန်နေ့နံနက်ပိုင်းက ဆေးရုံမှဆင့်ခွင့်ပြုခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ Home Quarantine အဖြစ် (၇)ကြာ ဆက်လက် နေထိုင်ရမည်ဖြစ်ကြောင်း  သိရသည်။

ကျေးသီးမြို့နယ်တွင်    ကိုဗစ်-၁၉ရောဂါ ကျဆင်းရေးအတွက်    ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကျန်းမာရေးဝန်ထမ်းများပူးပေါင်း၍  ရပ်ကွက်/ကျေးရွာအုပ်စုများသို့ ရှောင်တခင်စစ်ဆေးခဲ့ရာ ကန်ပန်ရပ်ကွက် ၊ မြို့ဦးဘုန်းတော်ကြီးကျောင်း သံဃာတော်နှင့်ဈေးရပ်ကွက်နေ ပြည်သူစုစုပေါင်း

( ၅၇ )ဦးတို့အား ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိကို RDT Test Kit ဖြင့် စမ်းသပ်စစ်ဆေးရာ  ( ၁၀ ) ဦး ထံ၌ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့သည်။

အဆိုပါ ရောဂါပိုးတွေ့ရှိသူများသည်  သာသနာ့ဝန်ထမ်းများဖြစ်ပြီး သက်တော် ( ၁၀ )နှစ် ( ၁ ) ပါး ၊သက်တော် ( ၁၆ )နှစ်( ၁ )ပါး၊ သက်တော် ( ၁၃ )နှစ် ( ၁ )ပါး၊ အသက်( ၇ )နှစ် အရွယ်ယောင်္ကျားလေး ( ၁ )ဦး၊အသက်( ၃၈ )နှစ်အရွယ် အမျိုးသမီး(၁)ဦး၊ အသက်(၄၀)နှစ်အရွယ် အမျိုးသမီး ( ၁ )ဦး၊ အသက်( ၁၂) နှစ်အရွယ် မိန်းခလေး ( ၁ )ဦး၊အသက် ( ၆၅ )နှစ်အရွယ် အမျိုးသမီး ( ၁ )ဦး၊အသက် (၆၂ ) အရွယ် အမျိုးသမီး( ၁ )ဦးနှင့် အသက် ( ၄၃ )နှစ်အရွယ် အမျိုးသား ( ၁ )ဦးတို့အား တိုင်းရင်းဆေးရုံ သီးသန့်ဆောင်တွင် ထားရှိဆေးကုသသွားမည် ဖြစ်ကြောင်း သိရသည်။

ကျေးသီးမြို့နယ်တွင်  ဇူလိုင်လ ၈ ရက်နေ့မှ ယနေ့ထိ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိ  အတည်ပြုလူနာ( ၃၁၃ )ဦးရှိသည့်အနက် ဆေးရုံဆင်းခွင့်ရရှိသူ(၂၆၆ )ဦး၊ သေဆုံး လူနာ ( ၇ ) ဦးရှိခဲ့ပြီး ( ၄၀ )ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ကော်မတီထံမှ သိရသည်။

နန်းမွမ်းဆိုင်(ကျေးသီး)