ကျောက်ဆည်မြို့နယ်တွင် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေအရ အမြဲတမ်းမသန်စွမ်းမှုအကျိုးခံစားခွင့်များ ထုတ်ပေး

ကျောက်ဆည် ဩဂုတ်  ၂၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် လူမှုဖူလုံရေးရုံးတွင် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေအရ လုပ်ငန်းခွင်တွင် မတော်တဆ ထိခိုက်ဒဏ်ရာရှိခဲ့သူ အာမခံအလုပ်သမား (၂) ဦးအား အမြဲတမ်းမသန်စွမ်းမှု အကျိုးခံစားခွင့် ၁၀၀ ရာခိုင်နှုန်းနှင့်အကူ ၁၀ ရာခိုင်နှုန်းထောက်ပံ့ငွေများကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်လူမှုဖူလုံရေးရုံးတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အမြဲတမ်းမသန်စွမ်းမှုအကျိုးခံစားခွင့်များထုတ်ပေးရာတွင် ကျောက်ဆည်မြို့နယ် လူမှုဖူလုံရေးရုံးမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းကြူက ဆင်မင်းဘိလပ်မြေစက်ရုံမှ အာမခံအလုပ်သမား ဦးအောင်ဆွေလင်းအား အမြဲတမ်း မသန်စွမ်းမှုအကျိုးခံစားခွင့် ငွေကျပ် (၁၁၉၇၅၀၄၀) နှင့် Alpha ဘိလပ်မြေစက်ရုံမှ အာမခံအလုပ်သမား ဦးဟန်ဇော်ဝင်းထက်အား အမြဲတမ်းမသန်စွမ်းမှု အကျိုးခံစားခွင့် ငွေကျပ်(၁၇၃၉၆၄၀)အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆင်မင်းဘိလပ်မြေစက်ရုံတွင် အလုပ်လုပ်ကိုင်နေသူ ဦးအောင်ဆွေလင်းသည် စက်ရုံအတွင်း သန့်ရှင်းရေးဆောင်ရွက်ရန်အတွက် သံပိုက်ရှည်ယူဆောင်ခဲ့ရာ သစ်ပင်နှင့်ဓာတ်အားလိုင်းကြိုးအနီးဖြတ်၍ သွားရောက်ခဲ့စဉ်ခြေချော်လဲ၍ ဓာတ်အားလိုင်းကြိုးနှင့်ထိမိရာမှ ခြေထောက်နှင့်လက်တို့မီးလောင်ဒဏ်ရာများရရှိခဲ့မှုကြောင့် ညာဘက်လက်နှင့် ဘယ်ဘက်လက်တို့တွင် တံတောင်ဆစ်အောက်မှဖြတ်တောက်ခဲ့ရပြီး Alpha ဘိလပ်မြေစက်ရုံမှ အာမခံအလုပ်သမား ဦးဟန်ဇော်ဝင်းထက်သည် Cement Mill B* Inlet မှ Fresh Air အဝင် Pipe ကွေးအား Chain Block ဖြင့်အောက်သို့ချရာတွင် လက်ရန်းဖြင့်ညှပ်၍ ထိခိုက်ဒဏ်ရာရှိခဲ့မှုများကြောင့် အမြဲတမ်းမသန်းစွမ်းမှု အကျိုးခံစားခွင့်စုစုပေါင်း ငွေကျပ် (၁၃၇၁၄၆၈၀ကို ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း ကျောက်ဆည်မြို့နယ် လူမှုဖူလုံရေးရုံးမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းကြူက ပြောပြ၍သိရသည်။

တင်တင်ထွေး(ခရိုင်ပြန်/ဆက်)