သိပေါ နိုဝင်ဘာ ၃၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်မှု ထိန်းချုပ်နိုင်စေရန်နှင့် ကူးစက်ပြန့်ပွားမှုနှုန်းလျော့နည်းစေရန်အတွက် ၂၀၂၁ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့မှ စတင်၍မြို့နယ်အတွင်းရှိ မြို့မဈေး နှင့် ဝက်ဝံယာယီပျံကျဈေးတို့ကို(၅)လနီးပါးခန့် ယာယီပိတ်ထားခဲ့ရာ ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ(၁)ရက်နေ့မှစတင်၍ ပုံမှန်ပြန်လည် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနမှ သိရသည်။
ထိုသို့ ဈေးများပြန်လည်ဖွင့်လှစ်ရောင်းချရာတွင် မြို့မဈေးကြီးတွင်ဈေးရောင်းချမည့်သူများအနေဖြင့် နံနက်(၆)နာရီခွဲမှ ညနေ(၄)နာရီအထိသာရောင်းချကြရန်၊ ပါးစပ် နှာခေါင်းစည်း (Mask)နှင့် လက်အိတ်များ ဝတ်ဆင်၍ရောင်း၊ ဝယ်ကြရန်၊ဈေး အဝင်/အထွက် နေရာများတွင် ကိုယ်ပူချိန် တိုင်းတာစစ်ဆေးခံရန် ၊ လက်ဆေးဘေစင်တွင်စနစ်တကျလက်ဆေးကြရန်၊ ဈေးဆိုင်ခန်းရှင်များ သတ်မှတ်ထားသော ဆိုင်ခန်းဧရိယာ ထက်ကျော်လွန်ရောင်းချခြင်းမပြုလုပ်ရန် ၊ဈေးဆိုင်တွင် လက်သန့်ဆေးရည်ထားရှိရန်၊ဈေးဆိုင်ခန်း တစ်ခန်းတွင် ဆိုင်ရှင်(၁)ဦး၊ လုပ်သား(၁)ဦးသာ ရောင်းချရန်၊အလှည့်ကျရောင်းချရန် စသည့်စည်းကမ်းချက် များနှင့်အညီ လိုက်နာဆောင်ရွက် ကြရန်နှင့် လိုက်နာဆောင်ရွက်မှုမရှိသူများအား အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြို့နယ် စည်ပင်သာယာရေးဌာနမှ သိရသည်။
အလားတူ ဝက်ဝံယာယီပျံကျဈေးအား၂၀၂၁ခုနှစ် ၊ဒီဇင်ဘာလ (၁)ရက်နေ့ နံနက်(၄)နာရီမှ နံနက် (၁၀)နာရီအထိ သတ်မှတ်စည်းကမ်း ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)