ကိုဗစ် - ၁၉ စီးပွား​ရေးကုစားမှုအစီစဉ်အရ မျိုး​စေ့ထုတ်​တောင်သူများသို့ မျိုးကောင်းမျိုးသန့်မျိုး​စေ့စိုက်ပျိုးထုတ်လုပ်ခြင်း နည်းပညာ​​ပေး​ဆွေး​နွေး

ကော့ကရိတ် သြဂုတ် ၂၁

ကရင်ပြည်နယ်၊​ ကော့ကရိတ်မြို့တွင် ကိုဗစ် - ၁၉ စီးပွား​ရေးကုစားမှု အစီအစဉ်အရ မျိုးစေ့ထုတ်​တောင်သူများကို မျိုး​ကောင်း မျိုးသန့်မျိုး​စေ့စိုက်ပျိုး ထုတ်လုပ်ခြင်း နည်းပညာ​​ပေး​ဆွေး​နွေး​ဟော​ပြောခြင်းကို ယ​နေ့နံနက် (၁၁) နာရီအချိန်က ​ရန်ကုတ်​ကျေးရွာ အုပ်စု​အုပ်ချုပ်​ရေးမှူးရုံး၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင်​ ကော့ကရိတ်ခရိုင်​ စိုက်ပျိုး​ရေးဦးစီးဌာန၊ ခရိုင်​မြေအသုံးချ​ရေးတာဝန်ခံ​ ဒေါ်အေး​အေးနွယ်မှ စပါးသီးနှံအတွက် ဓါတ်​မြေသြဇာထည့်သွင်းရမည့်နည်းလမ်းများ၊ ဓါတ်မြေသြဇာ​ကျွေးခြင်းဖြင့်ရရှိ​သော အကျိုး​ကျေးဇူးများ၊ ဓါတ်မြေသြဇာကို လိုသည်ထက်ပိုမိုသုံးစွဲခြင်းနှင့်ချို့တဲ့ခြင်း​ကြောင့် ဖြစ်​ပေါ်တက်သည့်​ လက္ခဏာများကိုလည်း​ကောင်း၊ ခရိုင်မျိုးစေ့တာဝန်ခံ​ ဒေါ်​ဝင်းဝင်းနိုင်မှ မျိုး​​ကောင်းမျိုးသန့်မျိုး​စေ့ (စပါး) စိုက်ပျိုးထုတ် လုပ်ခြင်းနည်းပညာ၊ မျိုးကွဲနုတ်ပယ်ခြင်းလုပ်ငန်းတို့အားလည်း​ကောင်း၊ ခရိုင်ပိုးမွှားတာဝန်ခံ​ ဒေါ်သီမာဝင်းက ပိုးသတ်​ဆေးသုံးစွဲရာတွင် လိုက်နာ​ဆောင်ရွက်ရမည့်အချက်များ၊ စပါးသီးနှံတွင် ကျရောက်တက်​သော ပိုးမွှား​ရောဂါများအ​ကြောင်းနှင့် ကာကွယ်နှိမ်နင်းနည်းတို့ကို​ ဆွေးနွေး​ပြောကြားခဲ့ကြသည်။

ထို့နောက်​ အဆိုပါအခမ်းအနားသို့ တက်​ရောက်လာသည့် တောင်သူ (၂၁) ဦးအား သီးနှံမျိုးကောင်းမျိုးသန့် စိုက်ပျိုးထုတ်လုပ်ခြင်းနည်းစနစ်များ၊ သီးနှံစိုက်ပျိုးရာတွင်​ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များပါဝင်သည့် အသိ ပညာ​ပေးလက်ကမ်းစာ​စောင်များ ဖြန့်​ဝေ​ပေးခြင်း အပြန်အလှန်​ဆွေး​နွေးခြင်းတို့ ပြုလုပ်​ဆောင်ရွက်ခဲ့ကြသည်။

နိုင်ငံ​တော်အစိုးရမှ ကိုဗစ် - ၁၉ စီးပွား​ရေး​ ထောက်ပံ့မှု အစီအစဉ် (CERP) အရ​ ဆောင်ရွက်​သော မိုးစပါး (RS.CS) အထွက်​ကောင်းမျိုး​စေ့ထုတ်​တောင်သူများအား တစ်ဧကလျှင် ကျပ် (၁၄၈၅၀၀) နှုန်းဖြင့်​ ထောက်ပံ့​ပေးလျက်ရှိ​ကြောင်း ခရိုင်မျိုး​စေ့တာဝန်ခံ၏​ပြောကြားချက်အရ သိရသည်။

ခင်မျိုးဝင်း