ဆီဆိုင်မြို့နယ်တွင် Local Semi-Lockdown ကာလသတ်မှတ်ရက်ထပ်မံတိုးမြှင့်

ဆီဆိုင် ဒီဇင်ဘာ ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု များပြား လာသောကြောင့် မြို့နယ်အတွင်းရှိ မြို့ပေါ်(၆) ရပ်ကွက်နှင့် ကျေးရွာ အုပ်စု(၁၃)အုပ်စု၏ နယ်နိမိတ်ဧရိယာအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်နှံ့မှု မရှိစေရေးအတွက် Local Semi-Lockdown ကာလသတ်မှတ်ရက် ထပ်မံတိုးမြှင့်ကြောင်းကို နိုဝင်ဘာ ၃၀ ရက် မွန်းလွဲ ၂ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီဌာနရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သည့် မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးကော်မတီ အစည်းအဝေးဆုံးဖြတ်ချက် အပိုဒ် ၇(က)အရ ထုတ်ပြန်ထားကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ထိုသို့ Local Semi-Lockdown ကာလသတ်မှတ်ရက် ထပ်မံတိုးမြှင့် ထုတ်ပြန်ရာတွင် မိမိနေအိမ်တွင်နေထိုင်ရန်၊ (အစိုးရဌာန၊ အဖွဲ့ အစည်းများ၊ ကုမ္ပဏီ၊ စက်ရုံ၊ အလုပ်ရုံများတွင် တာဝန်ထမ်းဆောင်ရန် သွားရောက်သူများမပါ)၊ မဖြစ်မနေ ဈေးဝယ်ထွက်ရန်၊ အပြင်ထွက်ရန်ရှိပါက သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံမှ အပြင်ထွက်ခွင့် ကဒ်ပြားရယူ၍ တစ်အိမ်လျှင်(၁) ဦးသာ နေအိမ်ပြင်ပသို့ ထွက်ခွာကြရန်၊  (နေ့စဉ်မွန်းလွဲ ၂ နာရီမှ နောက်တစ်နေ့ နံနက် ၄ နာရီချိန်အတွင်း ကျန်းမာရေး အရေးပေါ်ကိစ္စများမှအပ နေအိမ်ပြင်ပသို့ လုံးဝထွက်ခွာခြင်း မပြုရန်နှင့် မိမိနေအိမ်တွင်သာနေထိုင်ရန်)၊ ဆေးရုံ၊ ဆေးခန်းသွား ရောက်ရန်ရှိပါက အုပ်ချုပ်ရေးမှူး ထံအကြောင်းကြား၍ ယာဉ်မောင်း(၁)ဦး အပါအဝင် (၃)ဦးသာ သွားရောက်ရန်၊ ကိုဗစ် ကာကွယ် ဆေးထိုးနှံရန်အတွက် နေအိမ်ပြင်ပထွက်ခွာပါက ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများ၏ ထောက်ခံချက် တစ်ပါတည်း ယူဆောင်လာရန်၊ နေအိမ်မှ ပြင်ပသို့ သွားလာလျှင် ပါးစပ်နှင့် နှာခေါင်းစည်း Mask တပ်ရန်၊ စားသောက်ဆိုင်များ အားလုံး ပါဆယ်စနစ် ဖြင့်သာ ရောင်းချရန်၊ မွန်းလွဲ ၂ နာရီမှစ၍ ဆေးဆိုင်များ၊ ဆေးခန်းများ၊ စက်သုံးဆီဆိုင်များမှအပ မည်သည့် ဈေးဆိုင်မှ ဖွင့်လှစ်ရောင်းချခြင်းမပြုရန်၊  မြို့နယ်ဧရိယာ အတွင်းရှိ ဆည်၊ ချောင်း၊ အင်းများတွင် Local Semi-lockdown ကာလအတွင်း (၃)ဦးထက်ပို၍ ရေချိုးခြင်း၊ ရေကူးခြင်း၊ ငါးမျှားခြင်း၊  လည်ပတ်ခြင်း မပြုရ၊ တာဝန် ထမ်းဆောင်ရန် သွားရောက် ပြန်လာမည့်သူများကို ပို့ဆောင်မည့် ယာဉ်များ၊ နာရေးကူညီရေးအသင်းများ၊ လူနာတင်ယာဉ်များ ကိုသာ ရပ်ကွက်/ကျေးရွာအုပ်စု ကျော်လွန် သွားလာခွင့်ပြုရန်၊   အခြားမြို့နယ်များမှ ဆီဆိုင်မြို့နယ် နယ်နိမိတ်ဧရိယာအတွင်းသို့  ဖြတ်သန်း မောင်းနှင်မည့် မော်တော်ယာဉ်များအားလုံး ရပ်နားခြင်း လုံးဝ (လုံးဝ)ခွင့်မပြုရန်၊ မိဘပြည်သူများ အနေဖြင့်လည်း Local Semi-lockdown ကာလအတွင်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ဖြင့် သတ်မှတ်ထားသော အချိန်အတွင်း ဝင်ထွက်သွားလာရန်၊ အခါကြီးရက်ကြီးနေ့များ၌လည်းကောင်း၊ အခြားနေ့ရက်များ၌ လည်းကောင်း၊ ဘာသာရေးဆိုင်ရာ ကိစ္စရပ်များအတွက် မော်တော်ယာဉ်များပေါ်တွင် အိုးစည်၊ ဗုံမောင်းများဖြင့် စုဝေးသွားလာခြင်း မပြုရ။ အထက်ဖော်ပြပါ တားမြစ်ချက်များအား လိုက်နာမှုမရှိကြောင်း စစ်ဆေးတွေ့ရှိပါက စီမံခန့်ခွဲရေးနည်းလမ်းအရလည်းကောင်း၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ အရလည်းကောင်း အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။

ဆီဆိုင်မြို့နယ်တွင် Local Semi-Lock downကို နိုဝင်ဘာလ(၁)ရက်နေ့မှ နိုဝင်ဘာလ (၃၀) ရက်နေ့အထိ သတ်မှတ်ပြီးဖြစ်ရာ လတ်တလောအခြေအနေအရ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် စောင့်ကြည့်ထိန်းချုပ်ရန်လိုအပ်၍ Local Semi-Lock down ကာလကို  ဒီဇင်ဘာလ (၁)ရက် နေ့မှ ဒီဇင်ဘာလ(၇)ရက်နေ့အထိ ထပ်မံတိုးမြှင့်ခြင်းဖြစ်ကြောင်း သိရသည်။

မျိုးမြတ်(ဆီဆိုင်)