လှိုင်းဘွဲမြို့နယ်အတွင်း စုရပ်(၅)ခုတွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းဆောင်ရွက်

လှိုင်းဘွဲ    ဒီဇင်ဘာလ 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်နိုင်ရန်နှင့် ကူးစက်ပြန့်နှံ့မှုမရှိစေရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ ပေးခဲ့ရာ  ယနေ့နံနက်ပိုင်းက လှိုင်းဘွဲမြို့ အောင်ဆန်းခန်းမ၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

 အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစောငြိမ်းထွန်းမှ ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများ၊မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လာရောက် ထိုးနှံ နေသော ပြည်သူများအား နှာခေါင်းစည်းများ တပ်ဆင်ခြင်း၊ လက်ဆေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာ ပေးခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင်ပမာဏတိုင်းတာပေးခြင်း စသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေး လမ်းညွှန်ချက်နှင့်အညီ ပြည်သူများအနေဖြင့် ထိုးနှံနိုင်ရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း၊ လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အလုံးရေ(၇၀၀)ဖြင့် လှိုင်းဘွဲမြို့ အောင်ဆန်းခန်းမ၊ ရှမ်းရွာသစ်မြို့၊ ပိုင်ကျုံမြို့၊ မြိုင်ကြီး ငူအထူးဒေသနှင့် ရွှေဂွန်းတိုက်နယ်ဆေးရုံ စုရပ်(၅)ခုတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရေး လမ်းညွှန်ချက်နှင့်အညီ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

စောဒိ(ပြန်/ဆက်)