မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ဒလမြို့နယ်ရှိ မရှိနွမ်းပါး အိမ်ထောင်စု ၁၀၀၀ အား ဆန်၊ ဆီနှင့် ပဲ ထောက်ပံ့ လှူဒါန်း

ရန်ကုန် ဒီဇင်ဘာ  ၁

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ မေတ္တာဖြင့်လှူဒါန်းသည့် တရုတ်နိုင်ငံ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ဖောင်ဒေးရှင်း (CFPA) မှ  ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်အတွင်းရှိ ဆင်းရဲနွမ်းပါးသော ကျန်စစ်သားရပ်ကွက်နှင့် ကမာကဆစ် ရပ်ကွက် အတွင်းရှိ အိမ်ထောင်စု ၁၀၀၀  အား  တစ်အိမ်ထောင်လျှင် ဆန် ၁၀ kg၊  ဆီ၁ လီတာ နှင့် ပဲ ၁ kg  ထောက်ပံ့ လှူဒါန်းခြင်းကို ယနေ့ နံနက် ၁၀ နာရီက ထောက်ပံ့လှူဒါန်းခဲ့ကြောင်းသိရသည်။ 

ထိုသို့လှူဒါန်းရာတွင် ကျန်စစ်သားရပ်ကွက်အတွင်းရှိ မရှိနွမ်းပါး အိမ်ထောင်စု ၅၀၀ အား အောင်တော်မူ ဘုန်းတော်ကြီးကျောင်းဝန်အတွင်း၌လည်းကောင်း၊ ကမာကဆစ်ရပ်ကွက်အတွင်းရှိ မရှိနွမ်းပါး အိမ်ထောင်စု ၅၀၀ အား အုပ်ချုပ်ရေးမှူးရုံး၌ လည်းကောင်း၊ ဒေသခံပြည်သူများ၏ လက်ဝယ်အရောက် ဆန်၊ ဆီ နှင့် ပဲ တို့ကို အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့များနှင့် (CFPA)မြန်မာရုံးခွဲမှ တာဝန်ရှိသူများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

တရုတ်နိုင်ငံ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဖောင်ဒေးရှင်း (China Foundation for Poverty Alleviation-Myanmar Office) (CFPA) အနေဖြင့် မြန်မာနိုင်ငံပြည်သူများ လူနေမှုဘဝ ကောင်းမွန်ရေးအတွက် ကူညီပေးကာ မြန်မာနိုင်ငံ ဆင်းရဲနွမ်းပါးမှုပပျောက်ရေးလုပ်ငန်းကို ထောက်ပံ့ပေးလျက်ရှိသည့်အပြင် တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး၊ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

နိုင်လင်းကျော်