ကော့သောင်း ဒီဇင်ဘာ ၁
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့တွင် ကိုဗစ်-၁၉ကာကွယ်ဆေး Sinopharm အား ဒုတိယအကြိမ်အဖြစ် ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်က မြို့ပေါ်ရပ်ကွက်တစ်ခုဖြစ်သည့် ဘုရင့်နောင်ရပ်ကွက်ပြည်သူများနှင့် ဈေးသူဈေးသားများအား ထိုးနှံပေးခဲ့ကြောင်းသိရသည်။
ကာကွယ်ဆေးထိုးနှံရာတွင် ကော့သောင်းခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ် ကြီးကြပ်မှုဖြင့် ဆေးထိုးရန်စာရင်းပေးထားသည့် မြို့နေ့ပြည်သူမည်သူ့ကိုမဆို ထိုးနှံပေးခြင်း ဖြစ်ပြီး မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများအထိ သတ်မှတ်ရက်များအလိုက် ဆေးထိုးအဖွဲ့များဖြင့် ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့ ဒီဇင်ဘာလ၁ရက်နေ့က ပထမကြိမ်ဆေးထိုးနှံပြီးသူ ဘုရင့်နောင်ရပ်ကွက်ပြည်သူ(၃၀၀)ဦးနှင့် မြို့ပေါ်ဈေးများမှဈေးသူ/သား (၂၀၀)ကျော်အား မဉ္ဇူသကပြည်သူ့ခန်းမတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနက ဒုတိယအကြိမ်အဖြစ်ထိုးနှံပေး ကြခြင်းဖြစ်သည်။
ကော့သောင်းမြို့နယ်အနေဖြင့် ၂၀၂၁ခုနှစ်၊ ဇွန်လအတွင်းက သံဃာတော်နှင့်သီလရှင်များ၊ ခရိုင် နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ အပါအဝင် မြို့နေပြည်သူ လူဦးရေ(၅၄၂၅)ဦးအား အိန္ဒိယနိုင်ငံထုတ်COVISHIELD ကာကွယ်ဆေးဖြင့် အကြိမ်ပြည့်ထိုးနှံပေးခဲ့ပြီးဖြစ်သည်။ ယခု တရုတ်နိုင်ငံထုတ် ကိုဗစ်၁၉ရောဂါကာကွယ်ဆေး Sinopharm ဖြင့် ဆေးတစ်ကြိမ်ထိုးနှံပြီးခဲ့သူ (၃၆၆၀၀)ကျော်ကို ဒုတိယအကြိမ်အဖြစ်ဆက်လက်ထိုးနှံပေးခြင်းဖြစ်ရာ Sinopharm ဖြင့် အကြိမ်ပြည့်ထိုးနှံပြီးသူ လူဦးရေ (၃၅၁၅၄)ဦးကျော်ခန့်နှင့် COVISHIELD ဖြင့်အကြိမ်ပြည့် ထိုးနှံပြီးသူ (၅၄၂၅)ဦး စုစုပေါင်း ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံပြီးသူ (၄၀၅၇၉)ဦးခန့် ရှိလာ နေပြီဖြစ်ကြောင်းသိရသည်။
ကျော်စိုး(ကော့သောင်း)