တံတားဦးမြို့တွင် ပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်း ၊ဆေးတိုက်ခြင်း လုပ်ငန်းများဆောင်ရွက်

တံတားဦး  ဒီဇင်ဘာ  ၁

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ကျန်းမာရေးဝန်ထမ်းများက ပုံမှန်ကာကွယ် ဆေးထိုးခြင်းနှင့် တိုက်ကျွေးလုပ်ငန်းကို ရပ်ကွက်၊ ကျေးရွာများမှ ကလေးငယ်များအား ယနေ့နံနက်ပိုင်းက  သက်ဆိုင်ရာ စုရပ်များတွင် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးများကို မွေးကင်းစမှ အသက်တစ်နှစ်ခွဲထိ  သတ်မှတ်ထားသည့်အကြိမ်နှင့် အသက် အရွယ်တွင် ဆေးထိုး၊ ဆေးတိုက်ပေးနိုင်မှသာလျှင် ကလေးများ၌ ပြင်းထန်တီဘီရောဂါ၊ ဆုံဆို့နာရောဂါ၊ ကြက်ညှာချောင်းဆိုးရောဂါ၊ မေးခိုင်ရောဂါ၊ အသည်းရောင် အသားဝါ(ဘီ)ရောဂါ၊ ဦးနှောက်အမြှေး ရောင်ရောဂါ၊ ပြင်းထန်အဆုတ်ရောဂါ၊ ပိုလီယိုအကြောသေရောဂါ၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ဂျပန်ဦးနှောက်ရောင်ရောဂါ၊ ဝက်သက်ရောဂါ ဂျိုက်သိုးရောဂါနှင့် သားအိမ်ခေါင်းကင်ဆာရောဂါတို့မှ ကာကွယ်ပေးနိုင်မည်ဖြစ်သည်။ ကာကွယ်ဆေးများထိုးနှံ‌ပေးရာတွင် မွေးကင်းစ၊ နှစ်လ၊ လေးလ၊ ခြောက်လ၊ ကိုးလ၊ တစ်နှစ်ခွဲဟူ၍ လအလိုက် နှစ်အလိုက် ခွဲခြားပြီး ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရ သည်။

တံတားဦးမြို့နယ် အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်တို့မှ  မွေးကင်းစမှ အသက်တစ်နှစ်အခွဲထိ ကလေးငယ်စုစုပေါင်း(၇၃)ဦးနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီး(၂၃)ဦးတို့ကို ကာကွယ်ဆေးထိုးနှံပေးခဲ့ပါကြောင်း၊ ဆေးထိုးခြင်းနှင့် ဆေးတိုက်ခြင်းကို လစဉ်လဆန်း(၁)ရက်နေ့မှ စတင်၍ ကျေးလက်ကျန်းမာရေးဌာန၊ ကျေးလက်ကျန်းမာရေးဌာနခွဲများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စု စုရပ်များတွင် ထိုးနှံ၊ တိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။

ရဲတင့်(တံတားဦး)