ကမာရွတ် ဩဂုတ် ၂၁
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြိုန့ယ်အတွင်း ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်နေ့၌ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ အခွင့်အရေး မဆုံးရှုံးစေရေးအတွက် ရည်ရွယ်ပြီး ရန်ကုန်တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူစွမ်း အား အရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည် ဦးဆောင်သော တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဖွဲ့စည်းထားရှိ သည့် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေး ပံ့ပိုးကူညီးရေးအဖွဲ့နှင့် ကမာရွတ်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများနှင့် ယမန်နေ့မွန်းလွဲ(၁:၀၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့သည်။
ရှေးဦးစွာ လူဝင်မှုကြီးကြပ်ရေးနှင့် လူစွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က မဲစာရင်းမှန်ကန်စေရန် အဖွင့်အမှာစကား ပြောကြားပြီး မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် ပံ့ပိုးကူညီရေးအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ တိုင်းဒေသကြီးဦးစီးမှူး (ညွှန်ကြားရေးမှူး) ဦးစောနိုင်မှ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ကမာရွတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦး က မိမိတို့အနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေမှု၊ မဲဆန္ဒရှင်စာရင်းတိကျ မှန်ကန်စေရေးအတွက် ဆောင်ရွက် နေမှုများကိုလည်းကောင်း၊ မြို့နယ်ရွေး ကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးတင်စိုးက ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ထားမှုကို လည်းကောင်း၊ မြို့နယ်လူဝင်မှုကြီးကြပ်နှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူး ဦးအောင်ရွှေက နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်နေမှုကိုလည်းကောင်း အသီးသီး ရှင်းလင်း တင်ပြကြသည်။
ထို့နောက် အစည်းအဝေး တက်ရောက်လာကြသူများက ပြန်လည်ဆွေးနွေးတင်ပြကြရာ၊ လူဝင်မှု ကြီးကြပ်ရေးနှင့် လူစွမ်းအား အရင်းအမြစ်ဝန်ကြီးက ဆွေးနွေးတင်ပြချက်အပေါ် ဖြည့်စွက်ညှိနှိုင်းဆောင် ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
စိမ်းလဲ့(ပြန်/ဆက်)