မိုင်းယောင်း ဩဂုတ် ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ ပြုစုရာတွင် ပြည့်စုံမှန်ကန်သည့် မဲဆန္ဒရှင်စာရင်းများ ရရှိရေး၊ မဲဆန္ဒရှင်စာရင်းကျန်ရှိမှုနှင့် မှားယွင်းမှု မရှိစေရေးအတွက် အိမ်တိုင် ရာရောက် စစ်ဆေးသည့်စနစ်ဖြင့် မဲဆန္ဒရှင်စာရင်းမြေပြင် ကွင်းဆင်းစိစစ်ရေးအဖွဲ့က ကွင်းဆင်း စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မိုင်းယောင်းမြို့နယ် အတွင်း မိုင်းယောင်းနှင့်မိုင်းယုအပါအဝင် ရက်ကွက်(၁၀)ခုနှင့် ကျေးရွာအုပ်စု(၁၂) ခုရှိပြီး မဲရုံပေါင်း ၆၈ ရုံဖြင့် ကျင်းပမည်ဖြစ်ရာ အသက်(၁၈)နှစ် ပြည့်သူတိုင်း ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေး၊ ဆန္ဒမဲ စာရင်းပါ အချက်အလက်များ မှန်ကန်မှုရှိစေရေး၊ ကျန်ရှိသူများကို ပုံစံ(၃-က)ဖြင့် လည်းကောင်း၊ မဲစာရင်း၌ မိမိအမည် မပါဝင်သူများကို ပုံစံ(၃)ဖြင့်လည်းကောင်း လျှောက်ထား နိုင်ရေး၊ မပါဝင်သင့်သည့် အမည်စာရင်းများ ပါဝင်မှုကို ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်းနှင့် မဲစာရင်းပါအချက်အလက် မှားယွင်းမှုများကို ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လျှောက်ထားနိုင်စေရေးအတွက် အိမ်တိုင်ရာရောက် သွားရောက်ကာ အိမ်ထောင်စုအလိုက် တစ်ဦးချင်း အမည် ခေါ်စနစ်ဖြင့် တိုက်ဆိုင်စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
မဲဆန္ဒရှင်စာရင်းမြေပြင်ကွင်းဆင်းစိစစ်ရေးအဖွဲ့ကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်း၊ မြို့နယ်ရဲမှူး မျိုးမြင့်ဦးနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးတို့ပါဝင်သည့် အဖွဲ့ရှစ်ဖွဲ့တို့က ပြည့်စုံမှန်ကန်သည့် မဲဆန္ဒရှင် စာရင်း ရရှိရေး အတွက် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုအလိုက် ကွင်းဆင်း တိုက်ဆိုင် စစ်ဆေးကြကြောင်း သိရသည်။
အားချာ(ပြန်/ဆက်)