ဘားအံ နိုဝင်ဘာ ၃၀
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်း ပညာသင်တန်းကျောင်း(ဘားအံ)၏ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ် (၃)နှင့် ရိုးရာဂျပ်ခုတ်သင်တန်း အမှတ်စဉ်(၁၈) သင်တန်းများဖွင့်ပွဲကို နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက် ၉ နာရီခန့်က အဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(ဘားအံ)တွင် အခြေခံအိမ်တွင်းမှုသင်တန်း ၄၉ ကြိမ်၊ အဆင့်မြင့်စက်ချုပ် သင်တန်း ၄၆ ကြိမ်၊ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း ၂ ကြိမ်၊ ဟင်းလျာချက်ပြုတ်နည်းသင်တန်း တစ်ကြိမ်၊ လက်မှုလုပ်ငန်း ဝါးသင်တန်း ၂ ကြိမ်နှင့် ကြိမ်သင်တန်း ၆ ကြိမ်၊ ရိုးရာဂျပ်ခုတ်သင်တန်း ၁၇ ကြိမ် ဖွင့်လှစ်နိုင်ခဲ့ပြီး တိုင်းရင်းသူ ၂၉၁၇ ဦးအား အသက်မွေးဝမ်းကြောင်းပညာရပ်များ သင်ကြားပေးနိုင်ခဲ့ပြီး ထိုအတတ်ပညာများဖြင့် ၁၂၄၃ ဦး အသက်မွေးဝမ်းကျောင်းပြုသည်ဟု သိရှိရသည့်အတွက် ဝမ်းသာကြည်နူးရပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ ရည်ရွယ်ချက်နှင့် မွန်မြတ်သောစေတနာကို နားလည်သဘောပေါက်ပြီး မိမိဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခုဖွင့်လှစ်ပေးသော သင်တန်းတွင် ကြိုးစားသင်ယူကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသူများနှင့်သင်တန်းနည်းပြများအတွက် ကုလားပဲ၊ အာလူး၊ ကြက်သွန်၊စားသုံးဆီအစရှိသည့် အခြေခံစားသောက်ကုန်များ ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီးကလက်ခံ ရယူခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးက သင်တန်းဆိုင်ရာ ဘာသာရပ်များနှင့် သင်တန်းတွင်ပို့ချမည့်ဘာသာရပ်များကို ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းတွင် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းသူ(၄၅)ဦး၊ ရိုးရာဂျပ်ခုတ် သင်တန်းသူ(၅)ဦး စုစုပေါင်းသင်တန်းသူ ၅၀ ဦး တက်ရောက်ပြီး သင်တန်းကာလ ရက်သတ္တပတ် ၁၈ ပတ်ကြာမြင့်မည်ဖြစ်ကာ သင်တန်းဖွင့်ပွဲအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာ သူများက ခင်းကျင်းပြသထားသည့် သင်ထောက်ကူပစ္စည်းများ၊ ခေတ်မီဒီဇိုင်းလက်ရာများနှင့် သင်တန်းကျောင်းတွင်စိုက်ပျိုးထားသည့် စားဖိုဆောင်သီးနှံစိုက်ခင်းနှင့် သင်တန်း ဆောင်များကို ကြည့်ရှု့စစ်ဆေးခဲ့ကြသည်။
အလားတူ မြိုင်ကြီးငူအထူးဒေသနှင့် မြဝတီမြို့ရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်း ကျောင်းတို့တွင်လည်း ယနေ့နံနက်ပိုင်းတွင် သင်တန်းများဖွင့်ပွဲကို အသီးသီးပြုလုပ်ခဲ့ ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)