မတ္တရာ နိုဝင်ဘာ ၃၀
ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ခုနှစ် မိုးရာသီစပါးသီးနှံကွင်းသရုပ်ပြပွဲနှင့် စပါးဖြုတ်ပိုးကာကွယ်နှိမ်နှင်းနည်းများကွင်းသရုပ်ပွဲမတ္တရာမြို့နယ် ကျောက်တံတားသုတေသနခြံ၌ ယနေ့ နံနက် ၉နာရီ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူးဒေါက်တာခင်သိန်းညွန့်မှ အမှာစကားပြောကြားရာတွင် သီးနှံဖျက်ပိုးမွှားများ ကာကွယ်နှိမ်နှင်းနည်းများ၊ မှိုရောဂါကာကွယ်ဆေးများ အသုံးပြုနည်းများအကြောင်း၊ သဘာဝပိုးသတ်ဆေးများထုတ်လုပ်သုံးစွဲနည်းများစသည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ကျောက်တံတား စိုက်ပျိုးရေး သုတေသနခြံတာဝန်ခံဦးအောင်ထွန်းမြင့်မှ လက်ရှိတွင် သရက်၊ စပျစ်၊ ငှက်ပျော၊ စပါး၊မြေပဲနှင့် ပဲတီစိမ်းများကိုသုတေသနပြုလုပ်နေကြောင်း၊ စပါးသုတေသနများမှ ဆည်ရေသောက်လယ်စပါး သုတေသန၊ အရည်အသွေးကောင်းစပါးသုတေသန၊ ဇင့်ဓါတ်ကြွယ်ဝသောစပါးမျိုးသုတေသန၊ သက်တမ်းတို၊ အထွက်ကောင်းသောဆင်းသုခ မျိုးလိုင်းစပါးသုတေသနများ ဆောင်ရွက်လျက်ရှိ ကြောင်း၊ အဆိုပါ သုတေသနဆောင်ရွက်ချက်မှ ရရှိလာသောကောင်းကျိုးအရည်အချင်းများ၊ လာမည့်နှစ် နွေရာသီတွင် ဆင်းသုခမျိုးလိုင်းများနှင့် ပတ်သက်၍ တောင်သူကိုယ်တိုင် မျိုးရွေးချယ် ပွဲပြုလုပ်ပြီးပြောင်းလဲလာသောရာသီဥတုနှင့် အညီဒေသနှင့် လိုက်လျောညီထွေရှိသော ဆင်းသုခထက် အသက်လျင်သော သက်တမ်းတိုဆင်းသုခများလိုင်းများနှင့် ဆင်းသုခထက် သက်တမ်းတိုပြီးအထွက်ကောင်းသောမျိုးလိုင်းများကိုသုတသနေပြုဆက်လက်ရွေးချယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကိုရီးယာနိုင်ငံ AFACI PMP အထောက်အပံ့အစီအစဉ်ဖြင့် စမ်းသပ် ဆောင်ရွက်သောစပါးခွံပေါင်းခံရည် စမ်းသပ်ကွက်၏ ကောင်းကျိုးများ၊ ယနေ့ စပါးသီးနှံ ကွင်းသရုပ်ပွဲဆောင်ရွက်ရခြင်း ရည်ရွယ်ချက်မှာတောင်သူများရင်ဆိုင်နေရသည့် အခက်အခဲများကို ဖြေရှင်းပေးနိုင်သည့် သုတေသနများထဲမှ စိုက်ပျိုးရေးသုတေသနရုံးချုပ်၊ အပင်ဇီဝနည်းပညာနှင့် ပူးပေါင်းဆောင်ရွက်သည့် ဆင်းသုခစပါးမျိုးလိုင်းများ၏ သုတေသနထူးခြားချက်များကို ဖော်ထုတ် ပြသသည့် အစီအစဉ်ဖြစ်ပါကြောင်းဖြင့် ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ကွင်းတွင် စိုက်ပျိုး ထားသော စမ်းသပ်ကွက်စပါးများကို တောင်သူဦးကြီးများအားတာဝန်ခံများမှ ရှင်းလင်းပြောကြား ခဲ့ရာတောင်သူဦးကြီးများမှ သိရှိလိုသည်များနှင့် မျိုးစပါးများအချိန်မီလုံးလောက်စွာရရှိရေး တို့ကို မေးမြန်းဆွေးနွေးခဲ့ကြသည်။
အဆိုပါ ကွင်းသရုပ်ပြပွဲသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာများမှ တောင်သူဦးကြီးများတက်ရောက်ခဲ့ကြောင်းသိရသည်။
စိုးကျော်သူထွေး(မတ္တရာ)