လှိုင်းဘွဲ နိုဝင်ဘာ ၃၀
ကရင်ပြည်နယ်၊ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ကရင်ပြည်နယ် ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဘားအံမြို့နယ် ဦးစီးမှူးရုံးမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသား ကတ်ပြား ကိုင်ကြစို့” ဆောင်းပုဒ်နှင့်အညီ ကျေးရွာနေပြည်သူများအတွက် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယနေ့နံနက်ပိုင်းက ရွှေဂွန်းကျေးရွာ အထက်ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ပေးခဲ့ရာ ကရင်ပြည်နယ် လူမှုရေးဝန်ကြီး ဦးစိုးလွင်က လာရောက် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကရင်ပြည်နယ် လူမှုရေးဝန်ကြီး ဦးစိုးလွင်က ကျေးရွာနေပြည်သူ များအနေဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားကိုင်ဆောင်နိုင်ဖို့၊ နိုင်ငံသားတိုင်းဟာ နိုင်ငံသားဥပဒေနှင့်အညီ နေထိုင်နိုင်ဖို့အတွက် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ပြား ကိုင်ကြစို့” ဆောင်းပုဒ်နှင့်အညီ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးခြင်း၊ ကျေးရွာနေပြည်သူများအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ရရှိဖို့/ နိုင်ငံသား စိစစ်ရေးကတ်ပြားများ ရရှိမှသာ လူမှုဘဝပြည့်စုံမည်ဖြစ်ကြောင်း၊ နိုင်ငံသားတိုင်းသည် နိုင်ငံသား အခွင့် အရေးအနေဖြင့် မဲပေးပိုင်ခွင့်ရှိဖို့အတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားသည် အရေးကြီးကြောင်း အားပေးစကားပြောကြားပြီး တကောင်ဘိုးကျေးရွာရှိ နိုင်ငံသားစိစစ်ရေးကတ်ပြားဆောင်ရွက် ပြီးစီးသူများ အား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခဲ့သည်။
အဆိုပါ နိုင်ငံသားစိစစ်ရေးကတ်ပြားများဆောင်ရွက်ပေးရာတွင် ဘားအံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးစိုးတင့်နှင့် ဝန်ထမ်းများက ပန်းခင်း စီမံချက်ဖြင့် တကောင်ဘိုးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာနေ ပြည်သူ(၁၅၀)ဦးအတွက် OSSဖြင့် နေ့ချင်း ပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဆောင်ရွက်ပြီးစီးသူများအနေဖြင့် လက်ဝယ်အရောက် ပေးအပ် သွားမည်ကြောင်းဖြစ်ကြောင်း ဘားအံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးထံမှ သိရသည်။
စောဒိ(ပြန်/ဆက်)