လမ်းမတော်မြို့နယ် UMFCCI တွင်အလုပ်အမှုဆောင်အဖွဲ့အစည်းအဝေး (အ- ၈/၁၉-၂၂) ကျင်းပ

လမ်းမတော်    နိုဝင်ဘာ   ၃၀

လမ်းပတော်မြို့နယ် UMFCCI တွင် ကုန်သည်စက်မှုအသင်းချုပ်၏အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေး (အ- ၈/၁၉ -၂၂) ကို ယမန်နေ့တွင် Virtual Meeting စနစ်ဖြင့်  ကျင်းပပြုလုပ်ခဲ့ရာ အသင်းဥက္ကဋ္ဌ ဦးဇော်မင်းဝင်းမှ အဖွင့်အမှာ စကားပြောကြားခဲ့ရာတွင် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ အဆင်ပြေ ချောမွေ့စေရေးနှင့် အလုပ်သမားများ ကာကွယ်ဆေးထိုးနှံရေးတွင် ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း၊ မူဝါဒရေးရာနှင့် သုတေသန စာတမ်းများ အကြံပြု တင်ပြခြင်းများ ဆောင်ရွက်ရန်ရှိခြင်း၊ စီးပွားရေးဆိုင်ရာ သင်တန်းများလည်း ဖွင့်လှစ်လျက် ရှိခြင်း၊ အသေးစား၊ အလတ်စား၊ လုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးအတွက်  MSME Association of Myanmar အောင်မြင်စွာ တည်ထောင်နိုင်ခဲ့ပြီး အသင်းချုပ်တွင် MSME Service Centre ထားရှိ၍ ယင်းမှတစ်ဆင့် အသေးစား၊ အလတ်စား လုပ်ငန်းရှင်များအား ကူညီပြီးဆောင်ရွက်ဖို့စီစဉ်လျက်ရှိခြင်း၊ အသင်းချုပ်၏ သတင်း အချက်အလက် များ သိရှိနိုင်ရန်  Mobile App တည်ထောင်ထားရှိခဲ့ခြင်း၊ ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ခြင်း စသည်တို့ကို ဆောင်ရွက်ထား ရှိကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် အကြံပေးပုဂ္ဂိုလ် ပါမောက္ခဆရာကြီး ဒေါက်တာအောင်ထွန်းသက်မှ လမ်းညွှန်အမှာစကား ပြောကြား ရာတွင် အမှုဆောင်များအား Next Normal အတွက် မိမိတို့လုပ်ငန်းများကို ပြင်ဆင်ဆောင်ရွက်ရန်၊ မိမိတို့ လုပ်ငန်းများကို ယခင်ပုံစံအတိုင်းလုပ်ကိုင်ကြခြင်းထက် လိုအပ်ရင် လိုအပ်သလို ပြောင်းလဲနိုင်ရန်၊ မိမိတို့ လုပ်ငန်းများကို တိုးတက်အောင် ကတိကဝတ်ဖြင့် လုပ်ဆောင်ကြရန်၊ ရေရှည်အစီအစဉ်များကို စီမံကိန်းဆွဲပြီး ပံ့ပိုးနေမည့်အစား အချိန်နှင့်တစ်ပြေးညီ လုပ်ကိုင် နိုင်ကြ စေရန်၊ ဝန်ထမ်းများအရည်အသွေး မြှင့်တင်ပေးရန်၊ အခက်အခဲများကြားထဲမှာ  မိမိတို့လုပ်ငန်းများကို ပေါ့ပါးသွက်လက်မြန်ဆန်အောင် ဆောင်ရွက်ကြရန် အကြံပြု လမ်းညွှန်ပေးခဲ့သည်။ အကြံပေး ပုဂ္ဂိုလ် ဒေါက်တာချိုဝင်းမော်မှလည်း အမှုဆောင်များအား အမှာစကား ပြောကြား ခဲ့သည်။

ဆွေးနွေးပွဲတွင် တက်ရောက်လာသည့် အလုပ်အမှုဆောင်များမှ ကြံနှင့်သကြားဈေးကွက် အခြေအနေများ၊ ကုန်စည်စီးဆင်းမှုမှန်ကန်မြန်ဆန်စေရေး ကိစ္စရပ်များ၊ ကူးသန်းရောင်းဝယ်ရေး အဆင်ပြေလွယ်ကူ ချောမွေ့စေရေး၊ နယ်စပ်ဂိတ်များမှတစ်ဆင့် ပို့ကုန်/သွင်းကုန် လုပ်ငန်းများ လွယ်ကူစေရေး၊ SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက်  GIZ နှင့် ပူးပေါင်း၍  National Web Portal တစ်ခုထူထောင်၍ ဆောင်ရွက်ခြင်း၊ လုပ်ငန်းများ ပိုမိုကောင်းမွန်လာစေရန် E-Commerce ပုံစံ အရောင်းအဝယ်လုပ်နိုင်ရေး၊ အသင်းချုပ်၏ အွန်လိုင်းသင်တန်းများ ဖွင့်လှစ်ရေး၊   UMFCCI Member App မှတစ်ဆင့် ကုန်ပစ္စည်းများ အရောင်းအဝယ်များပြုလုပ်နိုင်ရေး၊ သတင်းအချက်အလက်များ အချိန်နှင့်တစ်ပြေးညီသိရှိရေး၊ အသင်းဝင်များအား အကြံပြုကူညီပံ့ပိုးပေးနိုင်ရေး၊ စက်မှုဇုန်များတွင် စက်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့လည်ပတ်စေရေးအတွက် လိုအပ်သည်များကို ဆွေးနွေး ကြသည်။

အစည်းအဝေးသို့ အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ အကြံပေးပုဂ္ဂိုလ်များဖြစ်ကြသည့် ဒေါက်တာ အောင်ထွန်းသက် နှင့် ဒေါက်တာချိုဝင်းမော်၊အသင်းချုပ် စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ အလုပ်အမှုဆောင်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ကျော်ဆန်းမြင့်