မိတ္ထီလာ နိုဝင်ဘာ ၃ဝ
မိတ္ထီလာခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် ယနေ့နံနက် ၉ နာရီခွဲက ငွေစာရင်းထိန်းသိမ်းနည်းဆိုင်ရာ ဆွေးနွေးပွဲကို ကျင်းပ ပြုလုပ်ကြောင်း သိရသည်။
အဆိုပါ ငွေစာရင်းထိန်းသိမ်းနည်းဆိုင်ရာဆွေးနွေးပွဲတွင် ဌာနဆိုင်ရာငွေထုတ်စာရင်းဖွင့်လှစ်ခြင်း ၊ငွေထုတ်စာရင်းဖွင့်လှစ်ပြီးနောက် ရန်ပုံငွေခွဲထုတ်ယူသုံးစွဲခြင်းနှင့် ငွေစာရင်းထိန်းသိမ်းခြင်းဆိုင်ရာ များကို ခရိုင်ပြန်/ဆက်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က ဆွေးနွေး ပြောကြားသည်။ ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်ကြသော မိတ္ထီလာခရိုင်အတွင်းရှိ မိတ္ထီလာ၊ မလှိုင်၊ဝမ်းတွင်း နှင့်သာစည်မြို့နယ်များမှ မြို့နယ်ဦးစီးမှူးများ၊အကြီးတန်းစာရေးများ၊စာထောက်-၃ များနှင့် အငယ်တန်းစာရေးများက ငွေစာရင်းထိန်းသိမ်းနည်းဆိုင်ရာများကို အပြန်အလှန်ဆွေးနွေး ခဲ့သည်။ အဆိုပါ ငွေစာရင်းထိန်းသိမ်းနည်းဆိုင်ရာဆွေးနွေးပွဲကို မိတ္ထီလာခရိုင်အတွင်းရှိ ဝန်ထမ်း များအတွက် ငွေစာရင်းထိန်းသိမ်းနည်းဆိုင်ရာ အသိပညာများ ပိုမိုသိရှိနားလည်တတ်ကျွမ်းပြီး ရုံးလုပ်ငန်းဆိုင်ရာများ အဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ကျင်းပပြုလုပ် ခြင်းဖြစ်ကြောင်းသိရသည်။
ချမ်းသာ