မဘိမ်းမြို့နယ်တွင် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်သင်ကြား     

မဘိမ်း      နိုဝင်ဘာ          ၃ဝ   

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ယနေ့နံနက်ပိုင်းမှစတင်ကာ ကျောင်းများစတင်ဖွင့်လှစ်၍ ပညာသင်ကြားနေပြီဖြစ်ကြောင်း သိရ သည်။

မဘိမ်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း အခြေခံပညာကျောင်း များအား (ယာယီ)ပိတ်ထားခဲ့ရာမှ ယခုအခါ ကိုဗစ်-၁၉ ရောဂါ  ကူးစက်မှုနှုန်းများ ပြန်လည် ကျဆင်းလာသည့်အပြင် အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခဲ့ပြီးဖြစ်သည့်အတွက် ယနေ့နံနက်ပိုင်းမှစ၍ မဘိမ်းမြို့နယ်ရှိ အခြေခံပညာကျောင်းများအား ပြန်လည်ဖွင့်လှစ်ပညာသင်ကြားပေးနေပြီဖြစ်ကြောင်း သိရသည်။

မဘိမ်းမြို့နယ်အတွင်း ဖွင့်လှစ်ထားသည့်ကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင် အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် မြို့နယ်ရဲတပ်ဖွဲ့ဝင်များမှ လုံခြုံရေးကိစ္စရပ်များကို ပညာရေးဌာနမှတာဝန်ရှိသူများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ မိဘဆရာအဖွဲ့များနှင့် ပူးပေါင်း၍ ဆောင်ရွက်ပေးလျက်ရှိပြီး အဆိုပါကျောင်းများ၌ ပညာသင်ကြားမှုများ အဆင်ပြေစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတို့က လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။           မျိုးမင်း (ပြန်/ဆက်)