နောင်ချို နိုဝင်ဘာ ၂၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ် သဖန်းကိုင်း ပရဟိတလူမှုကူညီရေးအသင်း ကိုဗစ်-၁၉ ရောဂါ ကုသရေး စင်တာအတွက် အလှူငွေများကို ယမန်နေ့ နံနက်ပိုင်းတွင် အလှူရှင်များက လာရောက်လှူဒါန်းပေးလျက်ရှိကြောင်း သဖန်းကိုင်းပရဟိတ လူမှုကူညီရေးအသင်းထံမှ သိရသည်။
လှူဒါန်းရာတွင် နောင်ချိုမြို့ ဆယ်တောင်ပြည့်ကျောင်းတိုက် ဆရာတော် ဦးပုညဝံသမှ အလှူငွေကျပ်(၁၀၀၀၀ဝိ/) စျေးရပ်ကွက်နေ ဦးဖေကြိုင် အသက် ၉၇ နှစ်ပြည့် မွေးနေ့အလှူငွေ ကျပ်(၁၀၀၀၀ဝိ/)၊ စျေးရပ်ကွက်နေ ဦးအောင်စိုးဝင်း+ ဒေါ်ဆန်းလှမြင့် မိသားစုမှ အလှူငွေကျပ် (၁၀၀၀၀ဝိ/-)နှင့် အလှူရှင်အသီးသီးတို့မှ အလှူငွေများ အသီးသီးလှူဒါန်းခဲ့ ကြရာ သဖန်းကိုင်းပရဟိတ ဆရာတော်မှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
သဖန်းကိုင်းပရဟိတ လူမှုကူညီရေအသင်း ကုသရေးစင်တာတွင်ပိုးတွေ့ လူနာများ၏ ကျန်းမာရေးကိစ္စများကို သဖန်းကိုင်း ဆရာတော်နှင့် အသင်းဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌတို့က အနီးကပ်ကြီးကြပ်၍ အတိုင်ပင်ခံသမားတော်(၁)ဦး၊ ဆရာဝန် (၁)ဦး၊ သူနာပြု (၄) ဦးတို့ဖြင့် ကျန်းမာရေး စောင့်ရှောက်ပေးလျက်ရှိကြောင်း၊ လူနာများအတွက် သောက်ရေ၊ သုံးရေ၊ လျှပ်စစ်မီး၊ အောက်ဆီဂျင်၊ နေရာထိုင်ခင်း၊ စားသောက်ရေး၊ ဆေးဝါးပစ္စည်းများ အခမဲ့ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မြို့နယ်အတွင်းအောက်ဆီဂျင် လိုအပ်ချက်များ အားဖြည့်ဆည်းပေးခြင်း၊ လိုအပ်သော နေရာများသို့ ပိုးသတ်ဆေး ဖျန်းပေးခြင်းများအပြင် အခြားကျန်းမာရေးကိစ္စများတွင်လည်း ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သဖန်းကိုင်း ပရဟိတလူမှု ကူညီရေးအသင်းထံမှ သိရသည်။
ထွေးငယ်၊(ပြန်/ဆက်)