ပုဇွန်တောင်မြို့နယ်တွင် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကျင်းပ

ပုဇွန်တောင် နိုဝင်ဘာ ၂၈    

မြန်မာတစ်မျိုးသားလုံး၏ မျိုးချစ်စိတ်ဓာတ်များ ရှင်သန်နိုးကြားမှုဖြင့် အစတည်ခဲ့သော တန်ဆောင်မုန်း လပြည့်ကျော် (၁၀)ရက်နေ့သည် အမျိုးသားအောင်ပွဲနေ့ဖြစ်သည့် အားလျော်စွာ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၌ (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် တက်ရောက်လာကြသူများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား အလေးပြုခဲ့ကြပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းလိူင်က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သည့် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘပြည်သူများအား ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသည့် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြတ်သီရိခိုင် (ပြန်/ဆက်)