လမ်းမတော်မြို့နယ် UMFCCI တွင် ကုန်သည်စက်မှုအသင်းချုပ်၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေး (ဗ- ၃/၁၉-၂၂) ကျင်းပ

လမ်းမတော် သြဂုတ် ၂၁

လမ်းမတော်မြို့နယ်  UMFCCI  တွင် ကုန်သည်စက်မှုအသင်းချုပ်၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေး (ဗ-၃/၁၉-၂၂)ကို ယမန်နေ့ မွန်းလွဲပိုင်းတွင်  Online Video conferencing  ဖြင့် ကျင်းပခဲ့ပြီး ရှေးဦးစွာ အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းမှ လုပ်ငန်း လမ်းညွှန်အမှာစကားပြောကြားရာတွင် UMFCCI မှ စီစဉ်ရိုက်ကူးတင်ဆက်လျက်ရှိသည့် Webinar Series များအနေဖြင့် ​ကြည့်ရှုသူ အရေအတွက် များပြားလျက်ရှိပြီး စိတ်ဝင်စားမည့် ခေါင်းစဉ်များဖြင့် ထပ်မံ ရိုက်ကူးသွားမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ချေးငွေများ လုပ်ငန်းရှင် များထံသို့ အလျင်မြန်ဆုံးရရှိစေရန်အတွက် အသင်းချုပ်အနေဖြင့် လက်ခံရရှိသော လျှောက်လွှာပေါင်း (၁၀,၀၀၀) ကျော်အား ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အရှိန် အဟုန်မြင့် စိစစ်လျက်ရှိကြောင်း၊ မူဝါဒနှင့်သုတေသနပိုင်းဆိုင်ရာ ပိုမိုတိုးတက် လာ စေရေး ဆောင်ရွက်နေမှုများ အသင်းချုပ်၏ ပုဂ္ဂလိကစီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းကော်မတီများမှလည်း ကြိုးပမ်း ဆောင်ရွက်​လျက်ရှိမှုများကို ပြောကြားခဲ့သည်။

တက်ရောက်လာသည့် အမှုဆောင်များမှလည်း အိမ်ခြံမြေဈေးကွက်၊ နယ်စပ်ကုန်သွယ်ရေးအခြေအနေ၊ ညီနောင်အသင်း သတ်မှတ် ချက်များ၊ ပြည်ပမှတင်သွင်းသည့် မော်တော်ယာဉ်များအပေါ် အခွန်အခလျော့ချခြင်းနှင့် စပ်လျဉ်း၍ လုပ်ငန်း အခြေအနေများကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးသို့ အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသော ဒေါက်တာ မောင်မောင်လေး၊ ဦးသောင်းတင်၊ အထွေထွေ အတွင်းရေးမှူးချုပ် ဦးအေးဝင်း၊ တွဲဖက်အထွေထွေ အတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှု ဆောင်များ စုစုပေါင်း (၃၆)ဦး တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

ကျော်ဆန်းမြင့်