ပန်းဘဲတန်းမြို့နယ်တွင် ကိုဗစ်-၁၉ ဗဟိုကော်မတီ၏ညွှန်ကြားချက်ဖြစ်သော ဆုတောင်းခြင်းဆိုင်ရာ ခွင့်ပြုချက်များအား ဆွေးနွေး

ပန်းဘဲတန်း ဩဂုတ်လ ၂၁

ပန်းဘဲတန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် ကိုဗစ်-၁၉ ဗဟိုကော်မတီ၏ ညွှန်ကြားချက် ဖြစ်သော ဝတ်ပြုဆုတောင်းခြင်းဆိုင်ရာ ခွင့်ပြုချက်များအား ရှင်းလင်း ပြောကြားခြင်းကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ပါသည်။

မြို့နယ် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်က ဥပုသ် သီလဆောက်တည်ခြင်း နှင့် ဝတ်ပြု‌ဆုတောင်းခြင်းများ ပြုလုပ်ရာတွင် တစ်ကြိမ်လျှင် လူ(၃၀)ဦးထက်မပိုပဲ တာဝန်ရှိသူများက ခွင့်ပြု‌ သွားရန်၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော  ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ တိကျစွာ လိုက်နာ ဆောင်ရွက်သွားကြရန်အတွက် ဘာသာကြီး(၄)ခု၏ ဂေါပကအဖွဲ့များအား ရှင်းလင်း ပြောကြားခဲ့ပါသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ဘာသာကြီး(၄)ခု၏ ဂေါပကအဖွဲ့ (၂၂)ဦး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး (၁၀)ဦးနှင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

နေခြည်(ပြန်/ဆက်)