ကော့သောင်း သြဂုတ် ၂၁
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်ရှိ ကော့သောင်း-ဘုတ်ပြင်း အဝေးပြေးလမ်းမကြီးဘေးတစ် လျှောက်ရှိ ခရီးသွားပြည်သူနှင့်မော်တော်ယာဉ်များဖြတ်သန်းသွားလာရာတွင် ဘေးအန္တရာယ်ဖြစ်ပေါ်နိုင်သည့် သစ်ပင်သစ်ကိုင်းများကို ရှင်းလင်းဖယ်ရှားမှုလုပ်ငန်းများအား ကော့သောင်းမြို့နယ်၊ မလိဝမ်းနယ်မြေမီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်းအဖွဲ့ဖြင့် ယနေ့နံနက်ပိုင်းက လိုက်လံဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကော့သောင်းမြို့မှတစ်ဆင့် ပြည်မမြို့ကြီးများသို့ ဆက်သွယ်သွားလာရာတွင် အဆိုပါပြည်ထောင်စုလမ်းမကြီးအား အသုံးပြုကာ နေ့စဉ် မော်တော်ယာဉ်များဖြတ်သန်းသွားလာလျှက်ရှိပြီး မိုးများရာဒေသဖြစ်ကာ လေပြင်းများရုတ်တရက်တိုက်ခတ်မှုများဖြစ်ပေါ်တတ်ပြီး ကားလမ်းပေါ် သစ်ပင်သစ်ကိုင်းများကျိုးကျပြိုလဲမှုကြောင့် မော်တော်ယာဉ်နှင့်ခရီးသွားပြည်သူများထိခိုက်မှုအန္တရာယ်များ မကြာခဏ ဖြစ်ပေါ်လေ့ရှိသဖြင့် ခရီးသွားမော်တော်ယာဉ်များနှင့် ပြည်သူများဘေးအန္တရာယ်မဖြစ်ပေါ်ရေး ကော့သောင်းမြို့နယ်၊ မလိဝမ်းနယ်မြေမီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ အရံမီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များပူးပေါင်းအဖွဲ့ဖြင့် လိုက်လံခုတ်ထွင်ဖြတ်တောက်ရှင်းလင်းခြင်း ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)