မြန်မာရွေ့ပြောင်းအလုပ်သမားမိသားစုများ ကော့သောင်းနယ်စပ်ဂိတ်မှ ပြန်လည်ဝင်ရောက်

ကော့သောင်း သြဂုတ် ၂၁

မြန်မာရွေ့ပြောင်းအလုပ်သမားမိသားစု (၄၄) ဦး ယမန်နေ့မွန်းလွဲပိုင်းက ပြည်ပမှတစ်ဆင့် ကော့သောင်းမြို့သို့ ရေလမ်းခရီးမှ ပြန် လည်ဝင်ရောက်လာခဲ့ကြောင်း သိရသည်။

အဆိုပါမိသားစုများမှာ ကော့သောင်းမြို့ခံများဖြစ်ကြပြီး ကျောင်းသား၊ ကျောင်းသူကလေးငယ်များအပါအဝင် အမျိုသား (၁၇) ဦး နှင့် အမျိုးသမီး (၂၇) ဦးဖြစ်ပြီး ကိုဗစ်-၁၉ကာလမဖြစ်မီအချိန်က ပြည်ပတွင် အလုပ်လုပ်ကိုင်နေသည့်ဆွေမျိုးများထံ အလည်အပတ်သွားရင်း ကိုဗစ်-၁၉ ထိန်းချုပ်မှုကာလအတွင် ပိတ်မိနေခဲ့ကြသူများဖြစ်ပြီး  မြန်မာနိုင်ငံအတွင်း အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် ပညာသင်ကြားနိုင်ရန် တနင်္သာရီတိုင်းဒေသကြီး၊ မြန်မာရ​ွေ့ပြောင်းအလုပ်သမားများစိစစ်လက်ခံရေးနှင့် နေရပ်ပြန် လည်ပို့ဆောင်ရေးကော်မတီ၏ ကြီးကြပ်ညှိနှိုင်းမှု၊ မြန်မာနိုင်ငံဆိုင်ရာအလုပ်သမားသံရုံး၏အကူအညီဖြင့်  အုပ်ထိန်းသူများနှင့်အတူ ပြန်လည်ဝင်ရောက်လာကြသူများဖြစ်ကြောင်း သိရသည်။

ပြန်လည်ဝင်ရောက်လာသည့် မိသားစုဝင်များအား ကော့သောင်းခရိုင်နှင့်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာများနှင့် NGO အဖွဲ့အစည်းများက  ရောဂါသံသယရှိသူများနှင့် ကူးစက်ခံရသူများ ပါဝင်လာခြင်းရှိ/မရှိ၊ မြန်မာနိုင်ငံသား မဟုတ်သူများ ပါဝင်လာခြင်းရှိမရှိ စစ်ဆေးလက်ခံခဲ့ကြပြီး ကော့သောင်းမြို့၊ ပုလုံးတုံတုံးကျေးရွာရှိ သဘာဝဘေးအရေးပေါ် ခိုလုံရာအဆောက်အဦးတွင် Facility Quarantine (၂၁)ရက် နှင့် Home Quarantine (၇)ရက် ထားရှိစောင့်ကြည့်ကာ ၎င်းတို့၏ Swab နမူနာများအား အမျိုးသားကျန်းမာရေးဌာနသို့ ပေးပို့ပြီးဓာတ်ခွဲစစ်ဆေး သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ကျော်စိုး (ကော့သောင်း)