မူဆယ်မြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ပေးခြင်းနှင့် မဲစာရင်းစိစစ်ခြင်းများ ဆက်လက်ဆောင်ရွက်

မူဆယ် ဩဂုတ်   ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၌ သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသေး သည့် နိုင်ငံသားများ ကို နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ပေးခြင်းနှင့် မဲစာရင်းတိကျမှန်ကန်စေရေး အတွက် မဲစာရင်းစိစစ်ခြင်း လုပ်ငန်းများကို ဩဂုတ်လ(၁၈)ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မူဆယ်ခရိုင်၊ မူဆယ်မြို့(လဝက)ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးမောင်မောင်တာနှင့် ဝန်ထမ်းများ၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲ ဉက္ကဋ္ဌများ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တိုင်းရင်းသားယဉ်ကျေးမှုအသင်းအဖွဲ့တို့ ပူးပေါင်းပြီး ဆက်လက်ကွင်းဆင်း ဆောင်ရွက်သည်။

“မူဆယ်မြို့နယ်၊ လဝကဦးစီးမှူးရုံးအနေနဲ့ သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲ၊ (OSS)အဖွဲ့ဝင်တွေနဲ့ ပူးစပ်ညှိနှိုင်းပြီးတော့ နိုင်ငံသားစိစစ်ရေးကတ်ပြားတွေကွင်းဆင်းပြုပေးနေပါတယ်၊ ဒါ့ပြင် မဲစာရင်းတိကျမှန်ကန် စေရေးအတွက် မဲစာရင်းစစ်ဆေးပေးခြင်း၊ သက်ဆိုင်ရာကော်မရှင် ရုံးတွေမှာ မဲစာရင်းဖြည့်သွင်းပေးခြင်းတွေကို အဖွဲ့(၃)ဖွဲ့ခွဲပြီး ဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်နဲ့အညီ အကောင်ထည်ဖော် ဆောင်ရွက်နေပါတယ်”လို့ မူဆယ်မြို့နယ်၊ လဝကဦးစီးမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာ၌ မူဆယ်မြို့နယ်၊ မော်တောင်းကျေးရွာအုပ်စု၊ မန့်ဟန်ကျေးရွာအုပ်စု၊ မူလွန်ပန်ခါး ကျေးရွာအုပ်စုနှင့် နမ့်အွမ်ကျေးရွာအုပ်စုတို့တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသေးသည့် လူဦးရေ စုစုပေါင်း (၄၉)ဦးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ပေးပြီး စုစုပေါင်းလူဦးရေ (၂၀၀) ကျော်အတွက် မဲစာရင်းစိစစ်ခြင်းနှင့် အမည်စာရင်းနိုင်ငံသားစိစစ်ရေး အမှတ်ဖြည့်သွင်းပေးခြင်းကို တစ်ပြိုင်နက်ဆောင်ရွက် ပေးသည်။

ဆက်လက်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားများကွင်းဆင်းဆောင်ရွက်ပေးခြင်းနှင့် မဲစာရင်းစစ်ဆေးခြင်း လုပ်ငန်းများကို နယ်မြေအရောက် ဆောင်ရွက်ပေးခြင်းအားဖြင့် နိုင်ငံသားတစ်ဦးချင်း၏ မဲပေးပိုင်ခွင့် ဆုံးရှုံးမှု မရှိခြင်း၊ အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများ၊ ယဉ်ကျေးမှု အဖွဲ့အစည်းများနှင့် ဝိုင်းဝန်းပူးပေါင်းပြီး ဆက်လက် ကွင်းဆင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)